Wednesday, April 30, 2014

မြန်မာနိုင်ငံ၏ ပထမဦးဆုံး တရားဝင် Red Hat သင်တန်းများ စတင် ဖွင့်လှစ်မည်

Red Hat ၏ Linux သင်တန်းများကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Red Hat ၏ Official Training Partner အဖြစ်ရယူထားပြီး အထင်ကရသင်တန်းများ ဖြစ်သည့် RHCSA (Red Hat Certified System Administrator), RHCE (Red Hat Certified Engineer) စာမေးပွဲဖြေဆိုခွင့် သင်တန်းများကို သင်ကြားပေးသွားမည် ဖြစ်ကြောင်းသိရသည်။

“ကျွန်တော်တို့က Official Training Partner ဖြစ်တဲ့အတွက် နိုင်ငံတကာအတိုင်း Red Hat ကချမှတ်ပေးထားတဲ့ မူအတိုင်းပဲ သင်ကြားမှာဖြစ်ပါတယ်။ သင်တဲ့ဆရာက RHCE ပြီးပြီးသားဖြစ်ပါတယ်” ဟု Infra Tech မှ Senior Project Manager ဦးပြည့်ဖြိုးမောင်မောင်စိုးက ပြောသည်။ အဆိုပါ သင်တန်း များကို မေလ ၁၀ ရက်နေ့မှစတင်ကာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ RECSA Level 1, 2 နှင့် RHCE သင်တန်းများ အဖြစ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယင်းကဆက်လက်ပြောကြားသည်။ ယခင်က အဆိုပါ သင်တန်း တက်ရောက်လိုသူများ အနေဖြင့် စင်ကာပူနိုင်ငံသို့ သွားရောက်တက်ရောက် ကြရကြောင်း သိရသည်။

“Red Hat အသိအမှတ်ပြုခြင်းဟာ ကျန်တဲ့လမ်းကြောင်းတွေထက် အများကြီးအားသာတယ်။ မြန်မာနိုင်ငံမှာ အရင်တုန်းကဆိုရင် Cisco Carrier ဘက်ကိုလိုက်တဲ့သူများတယ်။ ပြီးရင် Microsoft Carrier ဘက်ကို လိုက်တဲ့သူများတယ်။ အခုဆိုရင် Linux Carrier ကပိုပြီး Strong ဖြစ်လာတယ်။ အဲဒီမှာမှ Red Hat က ပိုပြီးတော့ အိုင်စီတီကဏ္ဍထဲမှာ အများဆုံးတစ်ခုအနေနဲ့ ရပ်တည်နေတယ်။ အလုပ်ကိုင်အခွင့်အလမ်း ကလည်း အရမ်းများတယ်”ဟု Training Manager ဖြစ်သူ ဦးထက်နိုင်အောင်က ပြောသည်။ မြန်မာနိုင်ငံ တွင် Red Hat သင်တန်းများ ဖွင့်လှစ်ခြင်းမရှိခဲ့ခြင်း၊ တက်ရောက်မည်ဆိုပါက ပြည်ပနိုင်ငံသို့ သွားရောက် တက်ရောက်ရကာ ကုန်ကျစရိတ်ကြီးမားခြင်း အစရှိသည့် အကြောင်းများကြောင့် ပြည်တွင်းတွင် တက်ရောက်သူ နည်းပါးခဲ့ကြောင်းသိရသည်။

“အဓိကကတော့ မြန်မာနိုင်ငံမှာ သင်တန်းမရှိတဲ့ အခက်အခဲရယ်၊ စာမေးပွဲဖြေလို့မရတဲ့ အခက် အခဲရယ်ပေါ့။ နိုင်ငံခြားသွား သင်တန်းတက်ရတယ်။ ဈေးတွေအရမ်းကြီးတယ်” ဟု ဦးပြည့်ဖြိုးမောင်မောင်စိုး က ပြောသည်။ Red Hat ကဲ့သို့သော Linux သင်တန်းများ မရှိမဖြစ်လိုအပ်သည့် နည်းပညာဖြစ် လာကြောင်း မြန်မာနိုင်ငံကွန်ပျူတာ အသင်းချူပ်ဥက္ကဋ္ဌ ဦးခွန်ဦးက IT Security & Infrastructure Seminar 2014 တွင် ပြောကြားသည်။ “တစ်နေ့ထက်တစ်နေ့ အိုင်စီတီသုံးစွဲမှု များပြားလာတာနဲ့အမျှ Software တွေ၊ Hardware တွေရဲ့လိုအပ်ချက်တွေကလည်း မြင့်မားလာတာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် Red Hat ဆိုရင် IT Professional တွေ၊ Developer တွေအတွက် မရှိမဖြစ်လိုအပ်နေတဲ့ System Software တစ်ခုဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ အဆိုပါသင်တန်းနှင့် ပတ်သက်၍ ဖုန်း- ၀၁-၆၆၄၀၁၆ သို့ မေးမြန်းနိုင်ကြောင်း သိရသည်။
 

No comments:

Post a Comment

back to top