Wednesday, April 30, 2014


ရန်ကုန်လေဆိပ်၌ လေယာဉ်အကြီးစား ပြင်ဆင်သည့် စက်ရုံ ပြင်သစ် ကုမ္ပဏီနှင့် ပူးပေါင်း ဖွင့်လှစ်မည်
ရန်ကုန်လေဆိပ်၌ ATR လေယာဉ် အကြီးစားပြင်ဆင်သည့် စက်ရုံကို မြန်မာလေကြောင်းနှင့် ပြင်သစ် နိုင်ငံ ATR လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီတို့ ပူးပေါင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာ့လေကြောင်း မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။
အဆိုပါ ATR လေယာဉ် အကြီးစား ပြင်ဆင်သည့် စက်ရုံကို ၂ဝ၁၄ ခုနှစ် အတွင်း ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်လျက် ရှိပြီး မြန်မာနိုင်ငံ၌ ATR လေယာဉ် အကြီးစား ပြင်ဆင်သည့် စက်ရုံကို လိုအပ်လျက် ရှိနေကြောင်း၊ ပြည်တွင်းပြည်ပ လေကြောင်းလိုင်းများမှ ATR လေယာဉ်များ၏ လုပ်ငန်း အပ်နှံမှု အပြင် ပြည်ပ နိုင်ငံများမှ ATR လေယာဉ်များ၏ လုပ်ငန်း အပ်နှံမှုများကိုပါ လက်ခံ ပြင်ဆင်နိုင် ရန် ဆောင် ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းအတွက် ပြင်သစ်နိုင်ငံ ATR လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူများသည် ရန်ကုန် အပြည် ပြည်ဆိုင်ရာ လေဆိပ်ရှိ မြန်မာ့ လေကြောင်းလိုင်းမှ အသစ် တည်ဆောက်ထားသည့် လေယာဉ်ရုံ ကို ATR လေယာဉ် အကြီးစား ပြင်ဆင်သည့် စက်ရုံ တည်ဆောက်ရန် လာရောက်ကြည့် ရှုပြီး ဖြစ်ကြောင်း သိရသည်။

ယခင်က အဆိုပါ လေယာဉ်များကို ပြုပြင်ပြင်ဆင်မှု ပြုလုပ်ရသည့် အခါ၌ ထိုင်းနိုင်ငံ၊ မလေးရှား နိုင်ငံနှင့် စင်ကာပူ နိုင်ငံတို့ရှိ ATR လေယာဉ်ပြင်ဆင်သည့် စက်ရုံများတွင် သွားရောက် ပြင်ဆင်နေရကြောင်း သိရသည်။
လက်ရှိတွင် မြန်မာ့ လေကြောင်းသည် ATR လေယာဉ်များ အပါအဝင် စုစုပေါင်း လေယာဉ် ကိုးစင်းဖြင့် မြို့ပေါင်း ၂၆ မြို့သို့ ပျံသန်း ပြေးဆွဲလျက်ရှိပြီး ကုန်တင် သီးသန့် လေယာဉ်များ အဖြစ် MA ၆၀၁ စင်းနှင့် F ၂၈၁ စင်း တို့ကို အသုံးပြုလျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment

back to top