Friday, March 21, 2014



ရန်ကုန် မဟာသင်္ကြန်အတွက် ရေကစားမဏ္ဍပ် ၁ဝဝ နီးပါး ဆောက် လုပ်ခွင့်ပြုမည်

ရန်ကုန်မြို့၌ မဟာသင်္ကြန်ပွဲတော် အတွင်း ရေကစားမဏ္ဍပ် ၁ဝဝ နီးပါး တိုးမြှင့်ဆောက်လုပ် ခွင့်ပြုထားပေးမည် ဖြစ်ကြောင်း သင်္ကြန်မဏ္ဍပ်နေရာ ချထားပေးရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦး ၏ ပြောကြားချက်အရ သိရသည်။ ထိုကဲ့သို့ ခွင့်ပြုပေးရာတွင် ရန်ကုန်တစ်မြို့လုံး၌ ရေကစား မဏ္ဍပ်ကြီး ၅၇ ခု၊ မဏ္ဍပ် အလတ် ၃၆ ခုခွင့်ပြုပေးမည် ဖြစ်ပြီး မဏ္ဍပ်ကြီးများကို ပြည် လမ်း၌ လေးခု၊ ကမ္ဘာအေး ဘုရားလမ်း၌ ၁ဝ ခု၊ ကန်တော်ကြီး ကန်ပတ်လမ်း၌ ၁၆ုနှင့် ဆရာစံလမ်း၌ သုံးခုခွင့်ပြုမည် ဖြစ်ပြီး မဟာ သင်္ကြန် ကာလအတွင်း ယခင်နှစ်များထက် လုံခြုံရေးကို အဆင့်မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ရေကစားမဏ္ဍပ်များကို ဆောက်လုပ်မည် ဆိုပါက မဏ္ဍပ်ကြီးတစ်ခုလျှင် အာမခံ စပေါ်ငွေအဖြစ် ယခင်နှစ် ပေးသွင်းခဲ့ရသည့် နှုန်းထားဖြစ်သော ငွေကျပ် ၇၅ သိန်း ပေးသွင်းပေး ရမည် ဖြစ်ကြောင်း၊ မဏ္ဍပ် အလတ်တစ်ခုလျှင် ငွေကျပ် ၄၅ သိန်း ပေးသွင်းရမည် ဖြစ်ကြောင်း၊ ယခုနှစ်တွင်လည်း ရေကစား မဏ္ဍပ်များဖြင့် စည်ကားခဲ့သော အင်းယားလမ်းတွင် မဏ္ဍပ်ဆောက် လုပ် ခွင့်ပြုမည် မဟုတ်ကြောင်းနှင့် ၎င်းလမ်းတွင် ရေကစားမဏ္ဍပ် တည်ဆောက်ခွင့်ကို ၂၀၁၀ ပြည့်နှစ် သင်္ကြန်မှ စတင်၍ ခွင့်ပြုပေးခြင်း မရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် မဟာသင်္ကြန် ပွဲတော်အတွင်း ပေါက်ကွဲမှု ဖြစ်စဉ်များ၊ ထိတ်လန့်မှု ဖြစ်စဉ်များနှင့် တခြားသော မှုခင်းဖြစ်စဉ်များ မဖြစ်ပွားစေရန် လုံခြုံရေးတိုးမြှင့် တင်းကျပ် မည် ဖြစ်ကြောင်း၊ ယင်းအတွက် စနစ်တကျ လုပ်ဆောင်နိုင်ရန် အစီအစဉ်များကို စတင်ရေး ဆွဲနေပြီ ဖြစ်ကြောင်းနှင့် ရေကစား မဏ္ဍပ်များတွင် ပြီးခဲ့သည့် နှစ်များအတိုင်း စည်းကမ်းချက် များ ထုတ်ပြန် ထားပြီး ရေကစားသူများ၏ လုံခြုံရေးအတွက် CCTV ကင်မရာ များတပ်ဆင်ရမည် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်တွင် ရန်ကုန်မြို့တော် ကန်တော်ကြီး ကန်ပတ်လမ်း၌ ၁၅ ခု၊ ပြည်လမ်း၌ သုံးခုနှင့် ကမ္ဘာ အေးဘုရားလမ်း၌ ၁ဝ ခု အပါအဝင် ရေကစားမဏ္ဍပ် ၅ဝ ကျော်သာ ခွင့်ပြုပေးခဲ့ပြီး ယခုနှစ်တွင် ပိုမိုတိုးမြှင့် ချထားပေးရန် စီစဉ်နေကြောင်း သိရသည်။

No comments:

Post a Comment

back to top