Wednesday, March 19, 2014

စံချိန်သစ် တင်လိုက်သည့် စီရော်နယ်ဒို

ရီးယဲလ်မက်ဒရစ်အသင်းကို တိုက်စစ်မှူး စီရော်နယ်ဒိုဟာ မာလာဂါအသင်းကို အနိုင်ရရှိခဲ့ စပိန်လာလီဂါပွဲစဉ်မှာ တစ်ဂိုးသွင်းယူ ခဲ့တာကြောင့် စံချိန်အသစ်တစ်ခုကို

တင်နိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။ အဆိုပါ အသက် (၂၉)နှစ်အရွယ်ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ မာလာဂါအသင်းနဲ့ ပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်အသင်းအတွက် တစ်လုံးထဲသော အနိုင်ဂိုးကို သွင်းယူခဲ့တာဖြစ်ပြီး ယခုနှစ်ရာသီ လာလီဂါပြိုင်ပွဲမှာ (၂၅)ဂိုးအထိ သွင်းယူထားတာဖြစ်ပါတယ်။ ဒါကြောင့် စီရော်နယ်ဒို ဟာ လာလီဂါပြိုင်ပွဲမှာ (၅)ရာသီဆက် (၂၅)ဂိုးနဲ့အထက် သွင်းယူတဲ့ စံချိန်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။

 

သူဟာရီးယဲယ်မက်ဒရစ်အသင်းကို (၂၀၀၉)ခုနှစ်က ရောက်ရှိလာခဲ့တာဖြစ်ပြီး စတင်ရောက်ရှိတဲ့ ရာသီမှာ (၂၆)ဂိုးသွင်းယူခဲ့သလို ၊ (၂၀၁၀-၂၀၁၁)ရာသီမှာ ဂိုး(၄၀)၊ (၂၀၁၁-၂၀၁၂)ရသီမှာ (၄၆)ဂိုး၊ (၂၀၁၂-၂၀၁၃)ရာသီမှာ (၃၄)ဂိုးနဲ့ ယခုနှစ်ရာသီမှာ (၂၅)ဂိုး သွင်းယူထားတာအပါအ၀င် စပိန်လာလီဂါမှာ (၁၇၁)ဂိုးထိ သွင်းယူထားတာဖြစ်ပါတယ်။ ဒါပေမယ့် စပိန်လာလီဂါပြိုင်ပွဲပြီးဆုံးဖို့ ပွဲစဉ်(၁၀)ပွဲ ကျန်ရှိနေသေးတာကြောင့် စီရော်နယ်ဒို အနေနဲ့ နောက်ထပ်ဂိုးများ ထပ်မံသွင်းယူနိုင်ဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။ စီရော်နယ်ဒိုနဲ့ အဓိကပြိုင်ဘက်မက်ဆီကတော့ ယခင်(၄)ရာသီဆက်(၂၅)ဂိုးနဲ့ အထက် သွင်းယူနိုင်ခဲ့ပေမယ့် ယခုနှစ်ရာသီစပိန်လာလီဂါပြိုင်ပွဲမှာ (၁၈)ဂိုးသွင်းယူထားတာကြောင့် စီရော်နယ်ဒိုရဲ့ စံချိန်ကို လိုက်မီနိုင်ဖို့ (၇)ဂိုးကျန်ရှိနေတာ ဖြစ်ပါတယ်။

 

ရီးယဲယ်မက်ဒရစ်အသင်းဟာ မာလာဂါအသင်းကို အနိုင်ရရှိ ခဲ့တာကြောင့် ရမှတ်(၇၀)နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်သလို ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ပထမအကျော့က အဝေးကွင်းမှာ (၆)ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိ ခဲ့တဲ့ ရှော်ကေးအသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာကြောင့် ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်နိုင် ဖို့ သေချာနေပြီဖြစ်ကြောင်း သိရပါတယ်။ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ရာသီက ရီးယဲလ်မက်ဒရစ်အသင်းအတွက် (၅၅)ဂိုးထိသွင်းယူထား သလို ယခုနှစ် ရာသီမှာလည်း (၃၉)ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် စီရော်နယ်ဒိုဟာ  ၂၀၁၃ ခုနှစ်အတွက် ဖီဖာမှ ချီးမြှင့်တဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိထားသူဖြစ်ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment

back to top