Friday, March 21, 2014

ပရီးမီးယားလိဂ် ထိပ်တန်း အသင်းသို့ ပြောင်းရွှေ့ကိုင်တွယ်ရန် ဆန္ဒပြင်းပြ နေသည့် ဗန်ဟားလ်

 

ဟော်လန်အသင်းနည်းပြ လူးဝစ်ဗန်ဟားလ်က ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအပြီးတွင် ပရီးမီးယားလိဂ် သို့ ပြောင်းရွှေ့ကိုင်တွယ်လိုသော ၎င်း၏ဆန္ဒကို ထုတ်ဖော် ပြောကြားခဲ့ကြောင်း သိရသည်။ အသက်၆၂နှစ် အရွယ်ရှိ အဆိုပါ နည်းပြသည် ကလပ်အသင်းကို ကိုင်တွယ်ရန်အတွက် ဘရာဇီးနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီးတွင် ဟော်လန်အသင်း နည်းပြ ရာထူးမှ နုတ်ထွက်သွားမည် ဖြစ်သည်။ ချန်ပီယံလိဂ်၊ စပိန်လာလီဂါ၊ ဘွန်ဒက်စ်လီဂါ ဖလားတို့ကို ရယူခဲ့ဖူးသော ဗန်ဟားလ်သည် အင်္ဂလန်အသင်း တစ်သင်းသင်းမှ ကမ်းလှမ်းမှုရရှိရန် မျှော်လင့်လျက် ရှိသည်။ ၎င်းနည်းပြသည် စပါးအသင်းကို ကိုင်တွယ်ရန် ကမ်းလှမ်း ခံရဖူးသော်လည်း မန်ချက်စတာယူနိုက်တက် အသင်းတွင် နည်းပြဒေးဗစ်မိုယက်စ် နေရာကို အစားထိုး ကိုင်တွယ်နိုင်ဖွယ် ရှိသည်ဟူသော သတင်းအချို့ ထွက်ပေါ်လျက် ရှိသည်။ “ကျွန်တော့်ရဲ့ ရည်မှန်းချက်က ပရီးမီးယားလိဂ်မှာ ထိပ်တန်းအသင်း တစ်သင်းသင်းကို ကိုင်တွယ်ဖို့ပါပဲ။ အင်္ဂလန် အတွေ့အကြုံ ကျွန်တော့်မှာ မရှိခဲ့ဘူးလေ။ စတုတ္ထမြောက်နိုင်ငံမှာ လိဂ်ဖလား တစ်ကြိမ်လောက် ကျွန်တော် ရယူချင်ပါတယ်။ ဒါက ကျွန်တော့်ရဲ့ ရည်မှန်းချက်ပဲဖြစ်ပြီး ကျွန်တော့်ရဲ့ ရည်မှန်းချက်ကို ပြည့်ဝလိုပါတယ်။ မဟုတ်ရင်တော့ အနားယူမှာဖြစ်ပြီး ကျွန်တော့်ရဲ့ဇနီးနဲ့အတူ ပေါ်တူဂီကို ပြောင်းရွှေ့မှာပါ”ဟု နည်းပြဗန်ဟားလ်က ပြောကြားခဲ့သည်။ ဂျာမနီကလပ်အသင်း တစ်သင်းသင်းကို ပြန်လည် ကိုင်တွယ်ရန် ဆန္ဒနှင့် ပတ်သက်၍ “အမှန်တော့ ကျွန်တော် ဘွန်ဒက်စ်လီဂါကို အရမ်းနှစ်သက်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ဂျာမန်ဖလား တစ်ကြိမ် ရပြီးသွားပြီ။ အခု နောက်နိုင်ငံတစ်ခုမှာ အဓိကဖလား တစ်လုံးကို ရယူချင်ပါတယ်”ဟု ဘာစီလိုနာ အသင်းနည်းပြဟောင်း ဗန်ဟားလ်က ပြောကြားခဲ့သည်။

No comments:

Post a Comment

back to top