Friday, March 21, 2014

ချန်ပီယံလိဂ် ကွာတားအဆင့်ကို မန်ယူအသင်း တက်ရောက် သွားတဲ့ သတင်း

 

ဗုဒ္ဓဟူးနေ့က မန်ချက်စတာမြို့မှာ ကစားတဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲမှာ အိမ်ရှင်မန်ချက်စတာ ယူနိုက်တက်က အိုလံပီယာကို့စ်အသင်းကို (၃)ဂိုးဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ မန်ယူအတွက် အနိုင်ဂိုး(၃)ဂိုးစလုံးကို ဗန်ပါစီ တစ်ဦးတည်းက (၂၅)မိနစ်၊ (၄၆)မိနစ်နဲ့(၅၂)မိနစ်တို့မှာ သွင်းခဲ့တာပါ။ ပထမဆုံးဂိုးက ပိုင်နယ်တီကနေ ဗန်ပါစီ ကန်သွင်းတာ ဖြစ်ပါတယ်။ ပထမအကျော့ ဂရိမှာကစားတုန်းက မန်ယူအသင်း (၂)ဂိုးဂိုးမရှိနဲ့ ရှုံးခဲ့ပေမယ့် အခု(၂)ပွဲပေါင်းမှာတော့ (၃)ဂိုး(၂)ဂိုးနဲ့ မန်ယူက အနိုင်ရပြီး ကွာတားဖိုင်နယ် တက်သွားတာ ဖြစ်ပါတယ်။ မန်ယူ မန်နေဂျာ ဒေးဗစ်မိုယက်က "ပထမအကျော့ (၂)ဂိုးရှုံးထားတဲ့ အခြေအနေကနေ ခုလိုကွာတားဖိုင်နယ် တက်နိုင်တဲ့ ကျွန်တော့် ဘောလုံးသမားတွေကို ချီးကျူးပါတယ်။ ကျွန်တော့်အသင်းရဲ့ စွမ်းပကားကို ကျွန်တော် အပြည့်အ၀ ယုံကြည်ပါတယ်။ နောက်ပြီး ချန်ပီယံလိဂ်လိုပွဲမှာ (၃)ဂိုး သွင်းနိုင်တယ်ဆိုတာ တော်ရုံ ဘောလုံးသမားတွေ လုပ်နိုင်တာ မဟုတ်ပါဘူး။ ကမ္ဘာမှာ ဘောလုံးသမား တစ်ချို့လောက်ပဲ လုပ်နိုင်တာပါ။ အဲဒီထဲမှာ ဗန်ပါစီပါတယ်"လို့ ပြောပါတယ်။ အိုလံပီယာကို့စ်နည်းပြ မီချယ်ကတော့ "ကျွန်တော်တို့ အသင်းမှာ လိုအပ်တာတွေ ရှိပါသေးတယ်။ ခြုံကြည့်ရင်တော့ ဒီရာသီ ဥရောပပြိုင်ပွဲမှာ ကျွန်တော်တို့အသင်း အခြေအနေ ကောင်းပါတယ်။ ဒါပေမယ့် ဒီညရလဒ်ကတော့ မကောင်းပါဘူး။ နောက်နှစ်ကို မျှော်လင့်ရမှာပါပဲ"လို့ ပြောပါတယ်။

No comments:

Post a Comment

back to top