Friday, March 21, 2014

နည်းပြ မော်ရင်ဟိုကို အက်ဖ်အေ စွဲချက်တင်

 

ချယ်လ်ဆီး အသင်းနည်းပြ မော်ရင်ဟိုသည် ပြီးခဲ့သော စနေနေ့က အက်စတွန်ဗီလာ အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သော ပွဲစဉ်တွင် ထုတ်ပယ်ခံရပြီးနောက် မလျော်ကန်သော အပြုအမူအတွက် အက်ဖ်အေ၏ စွဲချက်တင် ခံခဲ့ရကြောင်း သိရသည်။ အဆိုပါ စွဲချက်သည် နာကျင်အချိန်ပို၌ ချယ်လ်ဆီးအသင်း ကစားသမား ရာမီးရက်စ် ထုတ်ပယ်ခံရပြီးနောက် နည်းပြမော်ရင်ဟိုက ဒိုင်လူကြီး ခရစ္စဖွိုင်းကို စကားပြောရန် ကွင်းအတွင်း ၀င်ရောက်မှုနှင့် ပတ်သက်လျက် ရှိသည်။ ၎င်းပွဲကစားချိန် အစောပိုင်းတွင် ၀ီလျံသည် ထုတ်ပယ် ခံခဲ့ရသည်။ မော်ရင်ဟိုသည် စွဲချက်ကို မတ်လ၂၄ရက် တနင်္လာနေ့ ညနေ၆နာရီမတိုင်ခင် တုံ့ပြန် ချေပရမည် ဖြစ်သည်။ ပေါ်တူဂီ လူမျိုးနည်းပြ မော်ရင်ဟိုက ဗီလာပါ့ခ်ကွင်းတွင် ရှုံးနိမ့်ခဲ့ပြီးနောက် ဒိုင်လူကြီး ခရစ္စဖွိုင်းကို ပြစ်တင်ဝေဖန်ခဲ့သည်။ “ဒီလိုမျိုး နောက်ထပ် ဒိုင်လူကြီး စွမ်းဆောင်ရည်မျိုးနဲ့ ကြုံတွေ့ခဲ့ရတာ ကျွန်တော်တို့ အရမ်း အရမ်းကို ကံမကောင်းခဲ့ပါဘူး။ ဒါက ဒိုင်လူကြီးဆီက အမှားတစ်ခုလောက် မဟုတ်ပါဘူး။ ပွဲစမိနစ်ကနေ ပွဲဆုံးထိအောင် စွမ်းဆောင်မှုပဲ ဖြစ်ပါတယ်”ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။ ထို့ပြင် နည်းပြမော်ရင်ဟိုက ဒိုင်လူကြီး ခရစ္စဖွိုင်းကို စကားပြောရန်သာ ကြိုးပမ်းခဲ့ကြောင်းနှင့် ကွင်းထဲတွင် အခြားသူများလည်း ရှိကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ “ကျွန်တော် ဘာကြောင့် ထုတ်ပယ် ခံရသလဲဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော် မေးခဲ့ပေမယ့် ဒိုင်လူကြီးက ကျွန်တော်နဲ့ စကားပြောဖို့ ငြင်းဆန်ခဲ့ပါတယ်။ အဘွန်လဟောက အရန်ခုံပေါ်မှာ ရှိခဲ့ပေမယ့် ကွင်းထဲကို ခုန်ဝင်သွားခဲ့ပြီး ရာမီးရက်စ်ဆီကို ဒေါသတကြီး ပြေးဝင်ခဲ့ပါတယ်။ အဲဒီနောက် လူတိုင်းက ကွင်းအတွင်း ၀င်သွားခဲ့ပြီး ကျွန်တော်၊ ပေါလ်လမ်းဘတ်နဲ့ ကျွန်တော့်ရဲ့ လက်ထောက်တွေ၊ သူ့ရဲ့လက်ထောက်တွေ လူအများကြီး ရှိခဲ့တာပဲ” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

No comments:

Post a Comment

back to top