ဘ၀တွင် အဆိုးရွားဆုံး နေ့ရက်များထဲမှ တစ်ရက်ဟု ရွန်းနီဆို
မန်ချက်စတာယူနိုက်တက်အသင်း တိုက်စစ်မှူး ၀ိန်းရွန်းနီက
လီဗာပူးအသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သော ပွဲစဉ်သည်
၎င်း၏ကစားသမား ဘ၀သက်တမ်း တစ်လျှောက် အဆိုးရွားဆုံး အချိန်များအနက်
တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါ ပွဲစဉ်တွင် လီဗာပူးအသင်း
ကွင်းလယ် ကစားသမား ဂျရတ်က ပင်နယ်တီနှစ်လုံးကို သွင်းယူခဲ့ပြီး မန်ယူအသင်း
ဗဟိုခံစစ်မှူး ဗီဒစ်အထုတ်ပယ်ခံရပြီးနောက် ဆွာရက်ဇ်က တစ်ဂိုး သွင်းယူခဲ့သည်။
အသက်၂၈နှစ် အရွယ်ရှိ ရွန်းနီက အရှုံးကို လက်ခံဖို့ ခဲယဉ်းကြောင်း
ဖွင့်ဟခဲ့သည်။ “အိပ်မက်ဆိုး တစ်ခုလိုပါပဲ။ ဘောလုံးလောကမှာ ကျွန်တော်
ဖြတ်သန်းခဲ့ဖူး သမျှထဲမှာ အဆိုးဝါးဆုံး နေ့ရက်တွေထဲက တစ်ရက်ပါပဲ။ လက်ခံဖို့
ခဲယဉ်းပါတယ်။ လီဗာပူးအသင်းကို ချီးကျူးရမှာပါ။ သူတို့ ကစားပုံ
ကောင်းမွန်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါကို လက်ခံဖို့ ခက်ခဲပါတယ်။ ဘယ်သူမှ
မရှုံးချင်ပါဘူး။ အထူးသဖြင့် ကိုယ့်ရဲ့အိမ်ကွင်းမှာ ဒီလိုပုံစံနဲ့ပါ။ အဲဒါက
မကောင်းလှပါဘူး”ဟု ရွန်းနီက ပြောကြားခဲ့သည်။
No comments:
Post a Comment