Tuesday, March 18, 2014

အင်ဒီးယန်းဝဲလ် အိုးပင်း အမျိုးသား ချန်ပီယံဆုကို ဂျိုကိုဗစ် ရရှိတဲ့ သတင်း

 

အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် အင်ဒီးယန်းဝဲလ်မြို့မှာ ကျင်းပတဲ့ အင်ဒီးယန်းဝဲလ် တင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသား ချန်ပီယံဆုကို ကမ္ဘာ့အဆင့်(၂) ဂျိုကိုဗစ်က ရသွားပါတယ်။ အမျိုးသား တစ်ဦးချင်း ဗိုလ်လုပွဲမှာ ဆားဘီးယား တင်းနစ်သမား ဂျိုကိုဗစ်က ဆွစ်ဇာလန် တင်းနစ်သမား ဖက်ဒရာကို (၃း၆၊၆း၃၊၇း၆)နဲ့ အနိုင်ရတာပါ။ ဂျိုကိုဗစ်အတွက်တော့ (၂၀၁၄)ခုနှစ် ရာသီသစ်ရဲ့ ပထမဆုံး ချန်ပီယံဆုကို ဆွတ်ခူးနိုင်တာ ဖြစ်ပါတယ်။ ဒီအင်ဒီယန်းဝဲလ် ပြိုင်ပွဲမှာတော့ ဂျိုကိုဗစ် တတိယအကြိမ် ဗိုလ်စွဲနိုင်တာဖြစ်ပြီး သူ့သက်တမ်း တစ်လျှောက်မှာတော့ ဒီချန်ပီယံဆုက (၄၂)ခုမြောက် ဆုဖလားပါ။ "ဖက်ဒရာဟာ အတော်အဆင့်မြင့်တဲ့ တင်းနစ်သမားပါ။ စပေးဘောလည်း ကောင်းတယ်။ လက်မှန် ရိုက်ချက်တွေရော၊ လက်ပြန်ရိုက် ချက်တွေရော သိပ်ကောင်းပါတယ်။ ကျွန်တော် ဒီပွဲအနိုင်ရလို့ ဂုဏ်ယူပါတယ်"လို့ ဂျိုကိုဗစ်က ပြောပါတယ်။ ဖက်ဒရာဟာ ဒီအင်ဒီးယန်းဝဲလ် ပြိုင်ပွဲမှာ (၄)ကြိမ်ဗိုလ်စွဲတဲ့အထိ အရင်က အောင်မြင်မှု စံချိန်တင်ခဲ့ပါတယ်။ သူ့အနေနဲ့ အင်ဒီးယန်းဝဲလ် ဗိုလ်လုပွဲမှာ အခုပထမဆုံး ရှုံးတာပါပဲ၊ ဒါပေမယ့် အသက်(၃၂)နှစ် ရှိပြီဖြစ်တဲ့ ဖက်ဒရာဟာ အကောင်းဆုံး ကွင်းမာကစားသမား စွမ်းရည်ကို ပြသသွားပါတယ်။ ဒါကြောင့်လည်း ဖက်ဒရာက "ကျွန်တော် တင်းနစ်ကောင်းကောင်း ကစားနိုင်သေးတယ်လို့ ယုံကြည်ပါတယ်။ တစ်ခါတလေတော့ ရှုံးပွဲတွေ ရှိမှာပါပဲ"လို့ ပြောပါတယ်။ ဒီပွဲရှုံးပေမယ့် ဖက်ဒရာနဲ့ ဂျိုကိုဗစ်တို့ ပြိုင်ဘက်အနေနဲ့ (၃၃)ပွဲ ကစားပြီးချိန်မှာ ဖက်ဒရာက (၁၇)ပွဲနိုင်ပြီး တစ်ပွဲအသာ ရထားပါတယ်။ ဂျိုကိုဗစ်က (၁၆)ပွဲ နိုင်ထားတာပါ။

No comments:

Post a Comment

back to top