ဟားလ်စီးတီးအသင်း အမည် ပြောင်းလဲရန် လျှောက်ထားမှုကို အက်ဖ်အေ ပယ်ချဖွယ်ရှိ

အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေသည် ဟားလ်တိုက်ဂါးဟု
အသင်းအမည်ကို ပြောင်းလဲရန်အတွက် ဟားလ်စီးတီး အသင်း၏ တောင်းဆိုမှုကို
အဖွဲ့ဝင်ကော်မတီက ပယ်ချရန် ဆုံးဖြတ်မှုအား အတည်ပြုခဲ့ကြောင်း သိရသည်။
ဟားလ်စီးတီး အသင်းသည် လာမည့်နှစ် ရာသီမှစ၍ အသင်းအမည်ပြောင်းလဲရန်အတွက်
လျှောက်ထားခဲ့သည်။ အသင်းပိုင်ရှင် အလမ်က နှစ်ပေါင်း၁၁၀ သက်တမ်းရှိ
အသင်းအမည်ကို ပြောင်းလဲခွင့် မရရှိပါက အသင်းကို ရောင်းချသွားမည်ဟု
ခြိမ်းခြောက် ပြောဆိုခဲ့သည်။ “အဖွဲ့ဝင်ကော်မတီက ပြီးခဲ့သော ဗုဒ္ဓဟူးနေ့
အစည်းအဝေးတွင် လာမည့်နှစ်ရာသီ၌ ဟားလ်တိုက်ဂါးဟု အသင်းအမည် ပြောင်းလဲရန်
ဟားလ်စီးတီးအသင်း၏ လျှောက်ထားမှုကို ပယ်ချရန် အက်ဖ်အေကောင်စီမှ တညီတညွတ်
ထောက်ခံခဲ့ကြကြောင်း ကြေညာသည်။ ယင်းထောက်ခံမှုကို ဧပြီ ၉ရက်နေ့
အက်ဖ်အေကောင်စီ အစည်းအဝေးတွင် ဆွေးနွေးသွားမည်ဖြစ်ပြီး မဲပေး
ဆုံးဖြတ်သွားမည် ဖြစ်သည်။ ဟားလ်စီးတီး အသင်းသည် ဧပြီ ၉ရက်နေ့မတိုင်ခင်
အက်ဖ်အေကောင်စီသို့ ထပ်မံတင်ပြ လျှောက်ထားနိုင်သည်”ဟု အက်ဖ်အေ၏
ကြေညာချက်တွင် ပါရှိခဲ့သည်။ ဘောလုံးပရိသတ်အဖွဲ့ချုပ်(FSF) ကလည်း
အက်ဖ်အေကောင်စီ၏ ထောက်ခံချက်ကို ကြိုဆိုခဲ့သည်။ ဘောလုံးပရိသတ် အဖွဲ့ချုပ်
အမှုဆောင်အရာရှိချုပ် ကီဗင်မိုင်းလ်စ်က “အက်ဖ်အေနဲ့ ဟားလ်စီးတီးအသင်း
ပရိသတ်တွေအတွက် သေချာပေါက် မှန်ကန်တဲ့ ဆုံးဖြတ်ချက် တစ်ခုဖြစ်ပြီး
ဂုဏ်ပြုစရာလည်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
No comments:
Post a Comment