Monday, March 24, 2014


ပျောက်ဆုံးလေယာဉ်ဟု ယူဆရသော အစိတ်အပိုင်းများ ထပ်မံတွေ့ ရှိ လေယာဉ်မှူးထံ အယောင်ဆောင် ဖုန်းနံပါတ်ဖြင့် ဖုန်းခေါ်ဆို မှု ပြုလုပ်ခဲ့ဟုဆို
မလေးရှားပို့ဆောင်ရေးဝန်ကြီး ဟီရှာမူဒင်ဟူစိန်သည် ပျောက်ဆုံးနေသော မလေးရှား ခရီးသည် တင်လေယာဉ်နှင့် ပတ်သက်၍ ယနေ့ပြုလုပ်ခဲ့သော သင်းစာရှင်းလင်းပွဲတွင် အဆိုပါ လေယာဉ်ဟု ယူဆနိုင်သော အစိတ်အပိုင်းများကို ထပ်မံတွေ့ရှိထားသည်ဟု အတည်ပြုခဲ့ကြောင်း ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ထပ်မံတွေ့ရှိသော အစိတ်အပိုင်းများမှာ ပြင်သစ်နိုင်ငံမှ ပေးပို့ခဲ့သော ဂြိုဟ်တုဓာတ်ပုံများ အတွင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ဟီရှာမူဒင်ဟူစိန်က “ပြင်သစ်နိုင်ငံဟာ ပျောက်ဆုံးလေ ယာဉ်လို့ ယူဆနိုင်တဲ့အစိတ်အပိုင်းတွေပါဝင်တဲ့ ဂြိုဟ်တုဓာတ်ပုံတွေကို  ပေးပို့ခဲ့ပါတယ်။ ပထမဆုံးတွေ့ရှိ ထားတဲ့ သြစတြေးလျနိုင်ငံအနီးမှာ ပိုက်စိတ်တိုက် ရှာဖွေမှုတွေပြုလုပ်နေသလို တရုတ်နိုင်ငံက ဂြိုဟ်တုကနေ အစိတ်အပိုင်းတွေ တွေ့ရှိထားတဲ့နေရာအနီးတစ်ဝိုက်မှာလဲ ရှာဖွေမှုတွေပြုလုပ်ဖို့ စီစဉ်နေပါပြီ။ မကြာခင်တစ်ခုခုထူးခြားမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။ ပြင်သစ်နိုင်ငံ မှ ပေးပို့ခဲ့သော အစိတ်အပိုင်းများ ပါရှိသည့် ဓာတ်ပုံများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို မလေးရှားတာဝန်ရှိသူများက အတိအကျပြောကြားခြင်းမရှိသော်လည်း သြစတြေးလျနိုင်ငံနှင့် တရုတ်နိုင်ငံတို့ အစိတ်အပိုင်းများ ဓာတ်ပုံရိုက်ယူနိုင်ရန်ခဲ့သည့်နေရာ အနီး၌ တွေ့ရှိခြင်းဖြစ်သည်ဟု သိရသည်။
ပျောက်ဆုံးနေသောလေယာဉ်ကို မောင်းနင်သွားခဲ့သည့် လေယာဉ်မှူး ဇာဟာရီအာမက်ဆက်ရှ် ထံသို့ လေယာဉ် မထွက်ခွာမီ တစ်နာရီခန့်အလို၌ အယောင်ဆောင်ဖုန်းနံပါတ် အသုံးပြုထားသော ဖုန်းခေါ်ဆိုမှုတစ်ခု ပြုလုပ်ခဲ့သည်ဟု တွေ့ရှိခဲ့ကြောင်း မလေးရှားမီဒီယာများက ဖော်ပြသည်။ ဖုန်းခေါ်ဆိုမှုနှင့် ပတ်သက်သော အကြောင်းအရာများကို ဆက်လက်စုံစမ်းဆဲဖြစ်သော်လည်း ၉/၁၁ ဖြစ်စဉ်နောက်ပိုင်း အယောင်ဆောင် ဖုန်းနံပါတ်ဖြင့် ဖုန်းခေါ်ဆိုမှုကို တားမြစ်ထားသည့်နိုင်ငံ တစ်နိုင်ငံဖြစ်သော မလေးရှားနိုင်ငံအတွက် ယခုဖြစ်စဉ်မှာ သွေးရိုးသားရိုးဖြစ်စဉ်မဟုတ်ဟု ဆိုသည်။

No comments:

Post a Comment

back to top