Friday, December 19, 2014



အိန္ဒိယ လက်ဝှေ့မယ် ဆာရီတာဒေ၀ီကို တစ်နှစ် ပိတ်ပင်

AIBA ခေါ် နိုင်ငံတကာ အပျော်တမ်း လက်ဝှေ့အဖွဲ့ချုပ်က အိန္ဒိယလက်ဝှေ့မယ် ဆာရီတာဒေ၀ီကို ပြိုင်ပွဲတွေကနေ တစ်နှစ် ထုတ်ပယ်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။


အောက်တိုဘာလက ကျင်းပပြီးစီးခဲ့တဲ့ အာရှအားကစားပွဲမှာ ဆာရီတာဒေ၀ီက တတိယကြေးဆု မယူဘဲ ငြင်းပယ်ခဲ့ပါတယ်။ အဲဒီလို စိတ်ဆိုးမာန်ဆိုး ပြုမူခဲ့တာကြောင့် အခုလို ပွဲပယ်ပြစ်ဒဏ် ပေးလိုက်တာလို့ အိန္ဒိယ လက်ဝှေ့ အဖွဲ့ချုပ်က ပြောပါတယ်။ (၂၀၁၄) အာရှအားကစားပွဲကို တောင်ကိုရီးယားနိုင်ငံ အင်ချွမ်းမြို့မှာ ကျင်းပ တာဖြစ်ပြီး အဲဒီပြိုင်ပွဲရဲ့ အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲ လိုက်ဝယ်တာဝိတ် ဆီမီးဖိုင်နယ်မှာ အိန္ဒိယလက်ဝှေ့မယ် ဆာရီတာဒေ၀ီက အိမ်ရှင် တောင်ကိုရီးယား လက်ဝှေ့မယ် ပါ့ခ်ဂျီနာကို ရှုံးခဲ့ပါတယ်။ ဒိုင်လူကြီးတွေရဲ့ အဆုံးအဖြတ်ကို မကျေနပ်လို့ ဆာရီတာဒေ၀ီက တတိယကြေးဆုကို လက်မခံဘဲ ပြင်းပယ်ခဲ့ပါတယ်။ အိန္ဒိယလက်ဝှေ့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဆန်ဒက် ဂျာဂျိုဒီယာက "အခုလောလောဆယ်မှာလည်း ဆာရီတာ လက်ကောက်ဝတ် ဒဏ်ရာ ရနေပါတယ်။ သူ့အနေနဲ့ သူဟာသူ လေ့ကျင့်လို့တော့ ရပါတယ်။ လက်ဝှေ့ပြိုင်ပွဲသာ ထိုးလို့ မရတာပါ။ သူ့ကို ပွဲပယ် ထားတာက (၂၀၁၅) အောက်တိုဘာ ၁ ရက်ကျမှ ပြစ်ဒဏ်စေ့ပါမယ်။ (၂၀၁၆)အိုလံပစ်တော့ သူပြိုင်နိုင်ပါလိမ့်မယ်"လို့ သတင်းထောက်တွေကို ပြောပါတယ်။ အသက်(၂၉)နှစ်ရှိ လက်ဝှေ့မယ် ဆာရီတာကို ပွဲပယ်ပြစ်ဒဏ်အပြင် ဆွစ်ဖရန့်ငွေ (၁)ထောင်လည်း ဒဏ်ရိုက်လိုက်တယ်လို့ ဆိုပါတယ်။ ကျူးဘားလူမျိုး အိန္ဒိယအသင်း နည်းပြ ဖာနန်ဒက်ကိုလည်း ဒိုင်လူကြီးတွေကို အော်ဟစ် ဝေဖန်ခဲ့လို့ (၂)နှစ်ပယ်ပြစ်ဒဏ်နဲ့ ဒဏ်ကြေးငွေ ဆွစ်ဖရန့်(၂)ထောင် တပ်လိုက်လိုက်ပါတယ်။

No comments:

Post a Comment

back to top