အိုင်ရင်းဇင်မာမြင့်၏ 'ချစ်လို့ ' ဒုတိယ တစ်ကိုယ်တော် အခွေ ဒီဇင်ဘာ ၂ဝ ရက်တွင် ဖြန့်ချိမည်
တေးသံရှင် အိုင်ရင်း ဇင်မာမြင့်၏ ချစ်လို့ ဒုတိယ တစ်ကိုယ်တော် အခွေကို ဒီဇင်ဘာ ၂ဝ ရက်တွင် စတင် ဖြန့်ချိမည်ဖြစ်ပြီး ဖျော်ဖြေပွဲများတွင် သီဆိုရန် အဆင်ပြေစေမည့် သီချင်းများ ထည့်သွင်း ထားကြောင်း အိုင်ရင်း ဇင်မာမြင့်က ပြောသည်။ ''အိုင်ရင်းကို ဘုရားသခင်က ချစ်လို့ ဒီနေ့ထိ ရပ်တည်ခွင့် ပေးတယ်။
အိုင်ရင်းကလည်း ပရိသတ်ကို ချစ်လို့ ရပ်တည်ခွင့် ရတယ်။ အဲဒီ နှစ်ခုကိုပဲ ယူပြီး ချစ်လို့ ဆိုတဲ့ နာမည်လေး ပေးခဲ့တာပါ။ သီချင်း အနေနဲ့တော့ မပါပါဘူး'' ဟု အိုင်ရင်းဇင်မာမြင့်က ပြောသည်။ ချစ်လို့ သီချင်းခွေတွင် သီချင်းပုဒ်ရေ စုစုပေါင်း ၁၃ ပုဒ် ပါဝင်မည် ဖြစ်ပြီး တေးရေး မြင့်မိုးအောင်၊ ရွှေဂျော်ဂျော်၊ စံပီး၊ ကောင်းကောင်း တို့ အပါအဝင် တေးရေး ဆရာ ၁ဝ ဦးက ပါဝင် ရေးသားပေးထားကြောင်း သိရသည်။
''ဒီ အခွေလေးထဲမှာ ရော့ခ် နည်းနည်းဆန်တဲ့ သီချင်း မြူးမြူးလေးတွေ ပါတယ်။ ဒီအခွေမှာ ပါတဲ့ အချစ်ရဲ့ ကမ္ဘာ၊ ကြော်ငြာ မဝင်နဲ့၊ စိတ်ကူးနဲ့ရူး၊ နောက်ပြီး မိဘတွေကို ဂုဏ်ပြုလို့ ရမယ့် စုန်ရေ ဆိုတဲ့ သီချင်းတွေ ကတော့ ဖျော်ဖြေပွဲ တွေမှာ ဆိုလို့ရမယ့် သီချင်းတွေ ဖြစ်လိမ့်မယ်။ အိုင်ရင်းကိုယ်တိုင် အကောင်းဆုံး ဖြစ်အောင် ကြိုးစားထားတဲ့ အတွက် ပရိသတ်တွေရဲ့ အားပေးမှုကို လိုချင်ပါတယ်'' ဟု အိုင်ရင်းဇင်မာမြင့်က ပြောသည်။

No comments:
Post a Comment