ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နိုင်ရန် မြိတ်ကျွန်းစုအတွင်း အပန်းဖြေ စခန်းနှစ်ခု တည်ဆောက်ရန် စီစဉ်
ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နိုင်ရန် မြိတ်ကျွန်းစုအတွင်း အပန်းဖြေ စခန်းနှစ်ခု တည်ဆောက်ရန် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်ထံသို့ တင်ပြ သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အပန်းဖြေ စခန်းများကို မြိတ်ကျွန်းစု၊ ကျွန်းစုမြို့နယ် အတွင်းရှိ ကွမ်းသီးကျွန်းနှင့် စောမွန်လှကျွန်းတို့၌ တည်ဆောက် ရန် မြိတ်အများပိုင် ကုမ္ပဏီက စီစဉ်လျက်ရှိပြီး သဘာဝရှုခင်း ကောင်းမွန်၍ ရေအောက် သန္တာကျောက် တန်းများ ကြည့်ရှုရန် အဆင်ပြေသည့် ကမ်းခြေများ ပါဝင် တည်ရှိနေခြင်းကြောင့် အဆိုပါကျွန်းများကို ရွေးချယ်ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ခေတ်မီ အပန်းဖြေ စခန်းများတွင် လုံးချင်း တည်းခိုခန်းများ အပါအဝင် ဘန်ဂလုများ၊ ရေကူး ကန်များ၊ စားသောက်ဆိုင်များနှင့် ဆိပ်ခံတံတား များကို တည်ဆောက် သွားမည်ဖြစ်ပြီး အပန်းဖြေစခန်း တည်ဆောက်မည့် စီမံကိန်း အနီးတွင် မုန်တိုင်းဒဏ်ခံ အဆောက်အအုံများကိုပါ ထည့်သွင်း တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။
တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ကျွန်းများ၌ ဟိုတယ်လုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု အပါအဝင် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များ၊ ကုမ္ပဏီများက နိုင်ငံတကာ အဆင့်မီ ကျွန်း ဟိုတယ်များ တည်ဆောက် လုပ်ကိုင်ခွင့်ပြုရန် လျှောက်ထားသော ကုမ္ပဏီ ၁၆ ခုရှိကြောင်း သိရသည်။
အဆိုပါ လျှောက်ထားမှုများမှ ကျွန်းဖီလာကျွန်း၌ Mokan International ကုမ္ပဏီ တစ်ခုတည်းကိုသာ ခွင့်ပြုချက် ပေးထားပြီး ကျန်ဧရိယာများကို ဂေဟ စနစ် ပျက်စီးမှုမရှိစေရေး ကာကွယ်တောအဖြစ် ထိန်းသိမ်း ရန် ဧရိယာ ဧက ၅ဝဝဝ ကျော်ကို ကုမ္ပဏီနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အကြား မြေငှားရမ်းခြင်းနှင့် လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူ စာချုပ်ချုပ်ဆိုထားကာ ကျန်ကျွန်းများအတွက် ခွင့်ပြုချက် တောင်းခံ ထားကြောင်း သိရသည်။
No comments:
Post a Comment