Monday, November 24, 2014

အာကာသအတွင်း၌ သီးနှံပင်များ စိုက်ပျိုးနိုင်ရန် သိပ္ပံပညာရှင်များ ကြိုးပမ်း



သိပ္ပံပညာရှင်များသည် အနာဂတ်ကာလတွင် အင်္ဂါဂြိုဟ်နှင့် လကမ္ဘာပေါ်၌ကောက်ပဲသီးနှံများ ထွန်ယက် စိုက်ပျိုးနိုင်ရေးအတွက် ရည်ရွယ်သည့် စီမံကိန်း၏ တစ်စိတ်တစ်ဒေသအဖြစ် အာကာသအတွင်း၌ သီးနှံပင်များ စိုက်ပျိုးနိုင်ရန် ကြိုးစားလုပ်ဆောင်သွားမည် ဖြစ်ကြောင်း အင်တာနက် သတင်းတစ်ပုဒ်တွင် ရေးသားဖော်ပြထားသည်။

နော်ဝေသိပ္ပံပညာရှင်များ ဦးဆောင်သည့် အဆိုပါ အစီအစဉ် အတွက် စီမံကိန်းကာလ ကို ၁ဝ နှစ် သတ်မှတ်ထားပြီး စီမံကိန်း အရ ၁ဝ နှစ်ကြာပြီး နောက်တွင် နိုင်ငံတကာ အာကာသစခန်း (ISS) ၌ ခရမ်းချဉ်သီး၊ ဆလတ်ရွက်နှင့် ပဲပိစပ်ကဲ့သို့သော စားပင်များကို စိုက်ပျိုးသွားမည် ဖြစ်သည်။ အဆိုပါစီမံကိန်းကို အကောင်အထည်ဖော် လုပ်ဆောင်ရာတွင် ဥရောပသမဂ္ဂနှင့် ဥရောပ အာကာသ အေဂျင်စီ တို့က အတူတကွပူးတွဲ လုပ်ဆောင်သွားမည် ဖြစ်သည်။ ဥရောပသမဂ္ဂနှင့် ဥရောပ အာကာသအေဂျင်စီ အနေဖြင့် အာကာသ အတွင်း၌ အပင်များမည်သို့ ရှင်သန်ကြီးထွားနိုင်သည်ဟူသော အချက်နှင့် အနာဂတ်ကာလတွင် ၎င်းအပင်များသည် လေထုနှင့် အာကာသ ခရီးသည်များအတွက် စားနပ်ရိက္ခာကို မည်ကဲ့သို့ထောက်ပံ့ ပေးနိုင်သည်ဟူသော အချက်များကိုပါ စူးစမ်းလေ့လာသွားမည် ဖြစ်ကြောင်း သိရသည်။ မိမိတို့အနေဖြင့် အာကာသစခန်း၌ မည်သည့်အပင်ကို စိုက်ပျိုး ရမည်ဆိုခြင်းနှင့် ပတ်သက်၍ ယခုအချိန်ထိ ဆုံးဖြတ်ချက် မချနိုင်သေးကြောင်း၊ လက်ရှိတွင် ခရမ်းချဉ်သီး၊ ဆလတ် ရွက် သို့မဟုတ် ပဲပိစပ်များကို စိုက်ပျိုးရန် ဆွေးနွေးထားကြကြောင်း၊ မိမိတို့အတွက် အကြီးမားဆုံး ကြုံတွေ့နေသည့် စိန်ခေါ်မှုတစ်ခုမှာ စိုက်ပျိုးလိုက်သည့် အပင်များအတွက် လိုအပ်သည့် အာဟာရနှင့် ရေပမာဏကို တိတိကျကျ စီမံ ခန့်ခွဲနိုင်ရန် ဖြစ်ကြောင်း အစီအစဉ် တစ်ခုလုံးကို ဦးဆောင်နေသည့် နော်ဝေသိပ္ပံနှင့်နည်းပညာတက္ကသိုလ် အာကာသသုတေသနဌာနမှ မန်နေဂျာ အန်အီရန်ကစ်တန်ဂျို့စ်က ပြောကြားသည်။

No comments:

Post a Comment

back to top