Thursday, November 27, 2014

အီရန်အပေါ် ဥရောပသမဂ္ဂ၏ အရေးယူ ပိတ်ဆို့ မှုများ ရပ်ဆိုင်း ထားခြင်းကို ထပ်မံ သက်တမ်း တိုးမြှင့်

P5+1 အဖွဲ့နှင့် အီရန်နိုင်ငံတို့ကြား ပြီးခဲ့သည့်နှစ်က သဘောတူညီခဲ့သော ပူးတွဲလုပ်ဆောင်မှု အစီအစဉ်တွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥရောပသမဂ္ဂ၏ အရေးယူပိတ်ဆို့မှု ရပ်ဆိုင်းခြင်းကို ၂ဝ၁၅ ခုနှစ် ဇွန် ၃ဝ ရက်ထိတိုင် ထပ်မံသက်တမ်း တိုးမြှင့်ခဲ့ကြောင်း ဥရောပကောင်စီက နိုဝင်ဘာ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ဥရောပကောင်စီ၏ ထုတ်ပြန်ချက်သည် P5+1 အဖွဲ့၏ အီရန်အပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများ ရပ်ဆိုင်းခြင်းကို ထပ်မံသက်တမ်း တိုးမြှင့်လိုက်ကြောင်း ဆုံးဖြတ်ခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း အဆိုပါကောင်စီ၏ ပြောကြား ချက်အရ သိရသည်။
အီရန် အစိုးရအဖွဲ့နှင့် ဆက်နွှယ်နေသော ရွှေနှင့် သတ္တုပစ္စည်းများ ကုန်သွယ်မှုအပါအဝင် ရေနံဓာတုပစ္စည်း ထုတ်ကုန် တင်သွင်းမှု၊ ဝယ်ယူမှု သို့မဟုတ် သယ်ယူပို့ဆောင်မှု၊ ရေနံစိမ်း ရောင်းဝယ်မှုနှင့် ဆက်စပ်နေသော သယ်ယူပို့ဆောင်မှုနှင့် အာမခံငွေထားရှိမှု အစီအစဉ်များကို ယခင်က ပိတ်ဆို့ ထားသော်လည်း ယခုလက်ရှိတွင် အဆိုပါပိတ်ဆို့မှုများ ရပ်ဆိုင်းထားကြောင်း၊ သို့သော် ယင်းနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့မှုများမှာ ဆက်လက်ကျန်ရှိနေသေးကြောင်း  ဥရောပကောင်စီက ထုတ်ပြန်ခဲ့သည်။ P5+1 နှင့် အီရန်နိုင်ငံတို့ကြား သဘောတူညီ ခဲ့သော ပူးတွဲလုပ်ဆောင်မှု အစီအစဉ်တွင် အီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများကို ၂ဝ၁၄ ဇန်နဝါရီလမှ စ၍ ခြောက်လ ကြာ တင်းတင်း ကျပ်ကျပ် ချမှတ်လုပ် ဆောင်သွားရန် စီစဉ်ထားသော်လည်း ယခုအခါတွင် ပိတ်ဆို့မှု အစီအစဉ်ကို ၂ဝ၁၅ ခုနှစ် ဇွန် ၃ဝ ထိ ရပ်ဆိုင်းထားရန် သက်တမ်း တိုးမြှင့်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top