Tuesday, November 11, 2014

ပြည်တွင်းပြည်ပ မီဒီယာ ၁၃၀၀ ကျော် လာရောက် သတင်း ရယူမည်

အာဆီယံဥက္ကဌတာဝန် လက်ခံရယူထားသော မြန်မာနိုင်ငံအနေဖြင့် (၂၅) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး၊ အရှေ့အာရှထိပ်သီးအစည်းအဝေးများ အပါအ၀င် ဆက်စပ်ထိပ်သီးအစည်းအဝေးများကို နိုဝင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ကျင်းပသွားမည်ဖြစ်ရာ အဆိုပါ အစည်းအဝေးများ ကျင်းပနေမှု ကို သတင်းရယူနိုင်ရန် ပြည်တွင်းပြည်ပ မီဒီယာ အသီးသီးမှ သက်ဆိုင်ရာကဏ္ဍအလိုက် သတင်း၊ ဓာတ်ပုံ နှင့် ရုပ်သံ ကျွမ်းကျင်သူ ၁၃၀၀ ကျော်လာရောက် သတင်းရယူမည်ဖြစ်ကြောင်း၊ အာဆီယံထိပ်သီးအစည်း အဝေးကျင်းပရေး ဆက်ဆံရေးနှင့် ပြန်ကြားရေး ဆပ်ကော်မတီမှ သိရသည်။
အာဆီယံထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှထိပ်သီးအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံ မှ နိုင်ငံ့အကြီးအကဲများနှင့် အမေရိကန်၊ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ နယူးဇီလန်၊ သြစတြေးလျ၊ အိန္ဒိယနှင့် ရုရှား နိုင်ငံများမှ နိုင်ငံခေါင်းဆောင်များ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် ဥက္ကဌတို့ လည်း တက်ရောက်ကြမည်ဖြစ်ရာ မြန်မာနိုင်ငံတွင် ကျင်းပသည့် နိုင်ငံတကာဆိုင်ရာထိပ်သီးအစည်းအဝေး များတွင် အကြီးကျယ်ဆုံး အစည်းအဝေးဖြစ်သည်။
အဆိုပါ အစည်းအဝေးများသို့ တက်ရောက်သတင်းရယူရန် ပြည်တွင်း မီဒီယာများမှ ၁၆၅ ဦး၊ ပြည်ပ မီဒီယာများမှ ၈၀၁ ဦး၊ အစည်းအဝေးတက်ရောက်သော သက်ဆိုင်ရာနိုင်ငံများမှ မီဒီယာ ၃၅၁ ဦးရှိကြောင်း သိရသည်။ အစည်းအဝေးတက်ရောက်ကြမည့် သက်ဆိုင်ရာနိုင်ငံများ၏ မီဒီယာများပါရှိမှုတွင် အမေရိကန် နိုင်ငံမှ ၁၂၈ ဦး ပါဝင်မည်ဖြစ်ကာ ကိုရီးယားနိုင်ငံမှ ၁၄၃ ဦး ပါဝင်မည်ဖြစ်သည်။
အစည်းအဝေးသို့ လာရောက်သတင်းရယူကြမည့် ပြည်တွင်းပြည်ပ မီဒီယာများအတွက် မီဒီယာလက်စွဲ စာအုပ်ကို အွန်လိုင်းတွင် လွှင့်တင်ပေးထားပြီး အခြားလိုအပ်သော သတင်းအချက်အလက် ရယူခြင်းဆိုင် ရာကိစ္စရပ်များဆက်သွယ်ဆောင်ရွက်ရန် ပြန်ကြားရေးဝန်ကြီးဌာနမှ ဆက်သွယ်ရေး အရာရှိ ၃၃ ဦး ခန့်အပ် ထားသည်။ သက်ဆိုင်ရာနိုင်ငံများနှင့်ြ ပည်တွင်း ပြည်ပ မီဒီယာအဖွဲ့အစည်းများ ဆက်သွယ်ဆောင် ရွက်နိုင် ရန် ဆက်သွယ်ရေးအရာရှိများ အမည်စာရင်းကို ယင်းမီဒီယာလက်စွဲစာအုပ်တွင် ဖော်ပြထား ကြောင်း သိရသည်။

 နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းမှ စတင်၍ မီဒီယာ ၀င်ခွင့်ကတ်များကို နေပြည်တော် Sky Palace Hotel တွင် ထုတ်ပေးလျက်ရှိရာ ယနေ့ ညနေအထိ မီဒီယာ ၀င်ခွင့်ကတ် ၅၀၀ ကျော် ထုတ်ပေးပြီးဖြစ်ကြောင်း နိုဝင်ဘာ ၁၁ ရက်တွင် ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၁ ရက်နေ့ထုတ် ကြေးမုံသတင်းစာ တွင်ဖော်ပြထားပါသည်။

No comments:

Post a Comment

back to top