Monday, October 20, 2014

တောင်ကြီး မီးပုံးပျံ ပွဲတော်ကို ယူနက်စကို၏ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ရောက်ရန် ဆောင်ရွက် သွားမည်

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ြကီးမြို့၏ အထင်ကရ တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်ကို ယူနက်စကို အဖွဲ့၏ ကမ္ဘာ့ အမွေအနှစ်စာရင်း ဝင်ရောက်ရန် စတင်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နန်းလောဝ်ငင်း က ပြော သည်။

ယူနက်စကို အဖွဲ့၏ ကမ္ဘာ့ အမွေအနှစ်စာရင်း ယဉ်ကျေးမှုကဏ္ဍ သတ်မှတ်ချက်အရ ဒြပ်မဲ့အမွေအနှစ် စာရင်းနှင့် ဒြပ်ရှိ အမွေအနှစ် စာရင်း နှစ်ခုရှိသည့်အနက် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲသည် ဒြပ်မဲ့ ယဉ်ကျေးမှု စာရင်းတွင် အကျုံးဝင်ကြောင်း၊ ယူနက်စကို၏ လိုအပ်ချက်များနှင့် ကိုက်ညီမှု ရှိသည်ဟု ထင်မြင်မိသည့် အတွက် ဖိတ်ခေါ် ပြသသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံသို့ အောက်တိုဘာ ၂၇ ရက်တွင် ယူနက်စကိုအဖွဲ့ ရောက်ရှိမည်ဖြစ်ပြီး အောက်တိုဘာ ၃ဝ ရက်တွင် စတင် ကျင်းပတော့မည့် တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကာလနှင့်လည်း ကိုက်ညီချိန် ဖြစ်သည့်အတွက် ပွဲတော်အတွင်း မီးပုံးပျံ အဖွဲ့များ၏ ယှဉ်ပြိုင်ပုံများကို ကွင်းဆင်း ပြသပေးသွားမည် ဖြစ်သည်။ လက်ရှိတွင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် အချက်အလက်များ စုဆောင်းနေပြီး အခြားမီးပုံးပျံ ပညာရှင်များနှင့်ပါ ဆွေးနွေး တိုင်ပင်လျက်ရှိကြောင်း သိရသည်။ ၂ဝ၁၄ ခုနှစ်အတွက် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲကို အဝေရာ မီးပုံးပျံကွင်း၌ အောက်တိုဘာ ၃ဝ ရက်မှ နိုဝင်ဘာ ၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ညမီးကြီး ၈၉ လုံး၊ စိန်နားပန် မီးပုံပျံ ၃၄ လုံးနှင့် နေ့လွှတ် ခြေနှစ်ချောင်း အရုပ် ၉ဝ၊ ခြေလေးချောင်း အရုပ် ၆၂ ရုပ်၊ အုပ်စုအလိုက် ပြိုင်ပွဲဝင် မီးပုံးပျံ ၃ဝ လုံး စုစုပေါင်း မီးပုံးပျံ ၃ဝဝ ကျော် ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်ကြောင်း တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ကျင်းပရေး ဆပ်ကော်မတီမှ သိရသည်။

No comments:

Post a Comment

back to top