လာလီဂါသမိုင်းတွင် ရော်နယ်ဒို ဟက်ထရစ်အများဆုံး ကစားသမားတစ်ဦးဖြစ်လာ

တနင်္ဂနွေနေ့က ဘီလ်ဘာအိုနှင့်ပွဲတွင် ရီးရဲလ်မက်ဒရစ် က ၅-၀ ဂိုးပြတ်ဖြင့် နိုင်ခဲ့ရာတွင် ရော်နယ်ဒိုက ဟက်ထရစ် သွင်းယူခဲ့ရာ ရော်နယ်ဒို အတွက် မက်ဒရစ်နှင့် ငါးပွဲ ကစားရာတွင် ဟက်ထရစ် သုံးကြိမ် ရရှိခြင်း ဖြစ်ကာ ဒတ်စတီဖာနိုနှင့် တယ်လ်မိုဇာရာ တို့၏ လာလီဂါ ဟက်ထရစ် စံချိန်များကို အမီ လိုက်နိုင်ခဲ့ခြင်းလည်း ဖြစ်ခဲ့သည်။
ရီးရဲလ်သည် ငါးဂိုးပြတ်ဖြင့် ထိုပွဲအနိုင်ကြောင့် ယခုရာသီတွင် ပထမဆုံးအကြိမ် ထိပ်တန်းလေးသင်း စာရင်းဝင်ခဲ့ပြီး ထိပ်ဆုံးမှ ဘာစီလိုနာနှင့် လေးမှတ်သာ ကွာတော့သည့် အခြေအနေသို့ ရောက်လာသည်။ ရီးရဲလ်ရှေ့တွင် ဗလင်စီယာ၊ ဆီဗီလာတို့က ဘာစီလိုနာနောက် ဒုတိယနှင့် တတိယ နေရာများ၌ ဆက်လက် ရပ်တည်နေသည်။ ရော်နယ်ဒိုမှာ ယခုပွဲတွင် ရသည့် ဟက်ထရစ် ကြောင့် လာလီဂါပြိုင်ပွဲသမိုင်းတွင် ဟက်ထရစ် (၂၂)ကြိမ်ရခဲ့ဖူးသည့် တယ်လ်မိုဇာရာနှင့် ရီးရဲလ်ဂန္ထဝင် ကစားသမားကြီး အယ်ဖရက်ဒိုဒီ စတီဖာနိုတို့နှင့် စံချိန် တူသွားခဲ့သည်။ ယခုပွဲတွင် ရော်နယ်ဒိုအပြင် တိုက်စစ်မှူး ဘန်ဇီးမားကလည်း နှစ်ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့သည်။
‘‘ကျွန်တော့် ရှေ့တန်းလူ သုံးဦးစလုံးဟာ အလွန် ကောင်းမွန်ခဲ့ပါတယ်။ ရော်နယ်ဒိုက ဟက်ထရစ် သွင်းခဲ့တယ်။ ဘန်ဇီးမားက နှစ်ဂိုးသွင်းတယ်။ ဂါရတ်ဘေးလ်က နှစ်ဂိုးဖန်တီးပေးခဲ့ပြီး အသင်းအတွက် သူတို့ အထူးကြိုးပမ်းကစားခဲ့ပါတယ်။ ဒီလိုရှေ့တန်းလူသုံးဦး အတူပူးတွဲ ကစားနိုင်တာဟာ အသင်းအတွက် အခြေခံ ကောင်းဖြစ်ပါတယ်’’ဟု ဆိုသည်။
ရော်နယ်ဒိုသည် ယခုပွဲတွင် ဟက်ထရစ် ရခြင်းကြောင့် လာလီဂါ စံချိန်ဟောင်းများကို မီသွားခဲ့သလို ယခုရာသီ အသင်းအတွက် သွင်းဂိုးမှာလည်း ၁၃ ဂိုးရှိခဲ့ပြီဖြစ်သည်။ စပိန်လက်ရွေးစင်ဟောင်း မာဆယ်လီနိုကလည်း မက်ဆီနှင့်ရော်နယ်ဒိုတို့ကို ယှဉ်ကြည့်လျှင် မက်ဆီမှာ ထူးခြားသော ကစားသမား ဖြစ်သော်လည်း ရော်နယ်ဒိုမှာ သမိုင်းတွင် ပြီးပြည့်စုံမှုအရှိဆုံး ကစားသမား တစ်ဦးဖြစ်ကြောင်း ချီးကျူးခဲ့သည်။
No comments:
Post a Comment