Monday, October 20, 2014

အာရှ ယူ-၁၉ ပြိုင်ပွဲ ဆီမီးပွဲစဉ်များ ယနေ့ယှဉ်ပြိုင်ကစားမည်



မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အာရှယူ-၁၉ ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များကို အောက်တိုဘာ ၂ဝ ရက်တွင် ညနေ ၃ နာရီခွဲတွင် ပထမပွဲအဖြစ် ဥဇဘတ် ကစ္စတန် အသင်းနှင့်မြောက်ကိုရီးယား အသင်း၊ ည ၇ နာရီတွင် ဒုတိယပွဲ အဖြစ် အိမ်ရှင် မြန်မာအသင်းနှင့် ကာတာ အသင်းတု့ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းမှာ ကွာတားဖိုင်နယ်အဆင့်တွင် နာမည်ကြီး ယူအေအီးအသင်းကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်အဆင့်သို့ ရောက်ရှိကာ ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ယှဉ်ပြိုင်ခွင့် ရရှိထားပြီးဖြစ်သည့် မြန်မာအသင်း အနေဖြင့် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်းကပင် အောင်မြင်မှု တစ်ခုဖြစ်ပြီး ယခုပြိုင်ပွဲမှာ အာရှအဆင့် ပြိုင်ပွဲဖြစ်သောကြောင့် ဗိုလ်လုပွဲ တက်ရောက်ရေးမှာ ခက်ခက်ခဲခဲ ယှဉ်ပြိုင် ရမည်ဖြစ်သည်။ မြန်မာအသင်းနှင့် တွေ့ဆုံနေသည့် ကာတာအသင်းမှာ အာရှထိပ်သီးအသင်း တစ်သင်းဖြစ်ပြီး ကစားပုံ မာကျောကာ လျင်မြန်မှု ဦးစားပေး ကစားသည့် အသင်းဖြစ်သည်။ မြန်မာအသင်း သတိထားရမည့် ကစားသမားတစ်ဦးမှာ တောင်ပံ ကစားသမား အယ်လ်ဆာဒီဖြစ်ပြီး ယခုပြိုင်ပွဲတွင် လေးပွဲ၌ ငါးဂိုးသွင်းယူထားသည့် ကစားသမား တစ်ဦးဖြစ်သည်။

အာရှလူငယ်ချန်ပီယံဆုကို ခုနစ်ကြိမ်အထိ ရယူထားနိုင်သည့် မြန်မာ ယူ-၁၉ အသင်းမှာ နှစ်ပေါင်း ၄ဝ ကျော်အကြာတွင် ဆီမီးဖိုင်နယ်သို့ တစ်ကျော့ပြန် တက်ရောက်နိုင်ခဲ့ပြီး ကာတာအသင်းကို ကျော်ဖြတ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
ဆီမီးဖိုင်နယ် ပွဲနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းက တော်ဝင်ဂါးဒင်းဟိုတယ်၌ ကျင်းပသည်။ မြန်မာအသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ''မိမိတို့၏ အလိုချင်ဆုံးဖြစ်သည့် ကမ္ဘာ့ဖလားဝင်ခွင့်ကို ရရှိထားပြီဖြစ်တာကြောင့် ဖိအား မရှိတော့ကြောင်း၊ သို့သော် ကြီးမားသည့် အပိုဆုအဖြစ် ချန်ပီယံဆု ရရှိရန်အထိ ကြိုးစား သွားမည်ဖြစ်ကြောင်း၊ ကစားသမားများကို မဖြစ်မနေ နိုင်ရမည်ဟု ဖိအား မပေးထားသော်လည်း အကောင်းဆုံးပုံစံနှင့် အကောင်းဆုံး ရလဒ်ရရှိရန် ကြိုးစား ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း၊ မြန်မာဘောလုံးပရိသတ်များ အနေဖြင့် တစ်ခဲနက် လာရောက်အားပေးမည်ဟု ယုံကြည်ကြောင်း၊ သို့သော် ထွက်ပေါ်လာသည့်ရလဒ်ကို လက်ခံပေးစေလိုကြောင်း၊ ယခုပြိုင်ပွဲမှာ အာရှအဆင့်ပြိုင်ပွဲဖြစ်၍ ပြိုင်ပွဲအဆင့်အတန်း၊ ပြိုင်ဘက်အနေအထား အပေါ် နားလည်ပေးစေလိုပါကြောင်း''ဖြင့် ပြောကြားခဲ့သည်။
ကာတာအသင်းနည်းပြ ဆန်းချက်က ''ကမ္ဘာ့ဖလား ဝင်ခွင့်ရထားသော်လည်း မိမိတို့၏ ရည်မှန်းချက်များ မပြီးဆုံးသေးကြောင်း၊ အသင်းကို ပြန်လည်ပြင်ဆင်ထားကြောင်း၊ မြန်မာအသင်းမှာ ကစားသမားကောင်းများဖြင့် ဖွဲ့စည်းထားပြီး အိမ်ရှင်အသင်းဖြစ်သောကြောင့် ခက်ခက်ခဲခဲ ကစားရမည်ဖြစ်ကြောင်း၊ အိမ်ရှင်ပရိသတ်၏ ဖိအားမှာ အနည်းငယ် ရိုက်ခတ်မှုရှိနိုင်ကြောင်း''ဖြင့် ပြောကြားခဲ့သည်။

No comments:

Post a Comment

back to top