ချီကာဂို မာရသွန်ပြေးပွဲမှာ ကင်ညာအပြေး မောင်မယ်တို့ ချန်ပီယံဆု ရရှိ

တနင်္ဂနွေနေ့က ကျင်းပတဲ့ ချီကာဂိုမာရသွန်ပြေးပွဲမှာ ကင်ညာအပြေးမောင်မယ်တွေက အစဉ်အလာမပျက် ဆက်လက် စိုးမိုးသွားပါတယ်။ အမေရိကန် ပြည်ထောင်စု အီလီနွိုက်ပြည်နယ် ချီကာဂိုမြို့မှာ ကျင်းပတာဖြစ်ပြီး အမျိုးသားပြိုင်ပွဲမှာ အဲလီယော့ကစ်ချုပ်က (၂)နာရီ(၄)မိနစ်(၁၁)စက္ကန့်နဲ့ အနိုင်ရ သွားတာ ဖြစ်ပါတယ်။
ဒီစံချိန်က သူ့အကောင်းဆုံး စံချိန်ဖြစ်တဲ့ (၂)နာရီ(၄)မိနစ်(၀၅)စက္ကန့်ကို မမီသေးပါဘူး။ မီတာ(၅၀၀၀) ကမ္ဘာ့ချန်ပီယံဟောင်းလည်း ဖြစ်တဲ့ အဲလီယော့ဟာ မာရသွန်ပြိုင်ပွဲကို (၄)ပွဲသာ ပြိုင်ဖူးပေမယ့် (၃)ပွဲကို ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ ချီကာဂိုမာရသွန်မှာ အမျိုးသား ဒုတိယဆုနဲ့ တတိယဆုကိုလည်း ကင်ညာ အပြေးသမားတွေပဲ ရသွားပါတယ်။ ဆမ်မီ ကစ်ဝါရာက (၂)နာရီ(၄)မိနစ်(၂၈)စက္ကန့်နဲ့ ဒုတိယရပြီး ဒစ်ဆန်ချန်ဘာက (၂)နာရီ(၄)မိနစ်(၃၂)စက္ကန့်နဲ့ တတိယ ရပါတယ်။ အမျိုးသမီး ပြိုင်ပွဲမှာတော့ လက်ရှိချန်ပီယံ ရီဆာဂျက်တူးကပဲ (၂)နာရီ(၂၄)မိနစ်(၃၅)စက္ကန့်နဲ့ (၂)နှစ်ဆက် ဗိုလ်စွဲသွားပါတယ်။ ဂျက်တူးဟာ ဘော့စတွန် မာရသွန်မှာလည်း (၂၀၁၃)နဲ့ (၂၀၁၄)ခုနှစ်တို့မှာ (၂)နှစ်ဆက် ဗိုလ်စွဲထားလို့ မာရသွန်ချန်ပီယံဆု (၄)ခုဆက်တိုက် ရယူနိုင်တဲ့ ပထမဆုံး အမျိုးသမီး အဖြစ် မှတ်တမ်းဝင်သွားပါတယ်။ အီသီယိုးပီးယား အပြေးမယ် မာရီဒီဘာဘာက (၂)နာရီ(၂၅)မိနစ်(၃၇) စက္ကန့်နဲ့ ဒုတိယရပြီး ကင်ညာ အပြေးမယ် ဖလောရင့်ကစ်လာဂက်က (၂၀)စက္ကန့်အကွာနဲ့ တတိယ ရပါတယ်။
No comments:
Post a Comment