Monday, October 27, 2014

ကွဲကွာ ခဲ့ကြသည့် အမြွှာ ညီအစ်မ နှစ်ဦး Facebook ဝက်ဘ်ဆိုက်ကြောင့် ပြန်လည် တွေ့ဆုံနိုင်ခဲ့



အမြွှာညီအစ်မ ရှိမှန်းပင် မသိကြသည့် တောင်ကိုရီးယား ညီအစ်မ နှစ်ဦးသည် Facebook လူမှုရေး ဝက်ဘ်ဆိုက်မှ တစ်ဆင့် ပြန်လည်ဆုံတွေ့ခဲ့ကြကြောင်း သိရသည်။ ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ် မြို့တွင် နေထိုင်သည့် အေနာအစ်ဘော်ဒီရာ ဆိုသူ မိန်းကလေးသည် သူငယ်ချင်း တစ်ဦးထံမှ ဆမမ်သာ ဖူတာမန် အမည်ရှိ အမေရိကန် မင်းသမီး တစ်ဦး၏ ဓာတ်ပုံကို မြင်တွေ့ခဲ့ရာ သူမနှင့် မျက်နှာ အလွန် ဆင်နေသဖြင့် အံ့သြ တုန်လှုပ် ခဲ့ရသည်။ ထို့နောက် ဘော်ဒီရာသည် ဖူတာမန် ပါဝင် သရုပ်ဆောင် ထားသည့် 21 & Over ဇာတ်ကား အစမ်း ပြသခြင်းကို အွန်လိုင်းမှ တစ်ဆင့် ကြည့်ရှုခဲ့ပြီးနောက် သူမနှင့် တစ်စုံတစ်ရာ ပတ်သက် နေသည်ဟု ယူဆကာ ဘော်ဒီရာကို ဆက်သွယ်ရန် ကြိုးပမ်းခဲ့သည်ဟု သိရသည်။
Facebook လူမှုရေး ဝက်ဘ်ဆိုက်၌ ရှာဖွေ တွေ့ရှိခဲ့သော ဖူတာမန်၏ အကောင့်တွင် မွေးနေ့ သက္ကရာဇ်နှင့် မွေးဖွားရာ နေရာသည် သူမ၏ မွေးနေ့ သက္ကရာဇ်၊ မွေးဖွားရာ နေရာနှင့် အတိအကျ တူနေသောကြောင့် သူမတို့ နှစ်ဦးသည် အမြွှာညီအစ်မ ဖြစ်ရမည်ဟု ဘော်ဒီရာက တထစ်ချ ယုံကြည်ခဲ့သည်။ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ လတွင် Facebook မှ တစ်ဆင့် ဘော်ဒီရာနှင့် ဖူတာမန်တို့သည် အဆက်အသွယ် ရရှိခဲ့သည်။ နှစ်ဦး စလုံးသည် မျက်နှာ ဆင်တူနေသည်နှင့် စပ်လျဉ်း၍ Skype အကောင့်များကို အသုံးပြု၍ တစ်ဦးနှင့် တစ်ဦး တွေ့ဆုံရန် ဆုံးဖြတ် ခဲ့သည်။ ထိုသို့ တွေ့ဆုံသည့် အခါတွင် နှစ်ဦး စလုံး၏ ကြိုက်နှစ်သက်မှု၊ ကြိုက်နှစ်သက်မှု မရှိသည့်အရာ၊ အပြုအမူနှင့် ပူပင်မှုတို့ အားလုံးတွင် ဆင်တူ နေသည်ကို တွေ့ရသည်။ ထို့နောက် သူမတို့ နှစ်ဦးသည် ညီအစ်မ ဟုတ်၊ မဟုတ်ကို သိရှိရန် DNA စစ်ဆေးခဲ့ပြီး အတည် ပြုခဲ့သည်။ ၎င်းတို့ နှစ်ဦးသည် ၂ဝ၁၃ ခုနှစ် မေလတွင် ပြင်ပ၌ တွေ့ဆုံ ခဲ့ကြသည်။ လက်ရှိတွင် သူမတို့ နှစ်ဦးသည် တစ်ယောက် တစ်နေရာစီ နေထိုင် ကြသော်လည်း တစ်ဦးကို တစ်ဦး အမြဲ ဆက်သွယ်လေ့ ရှိပြီး ၎င်းတို့၏ ဖြစ်ရပ်ကို ကမ္ဘာက သိအောင် နည်းလမ်း အမျိုးမျိုးဖြင့် ဖော်ပြခဲ့သည်။ ဘော်ဒီရာသည် လက်ရှိ အချိန်တွင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် နေထိုင်ပြီး ဖူတာမန်က အမေရိကန် ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့တွင် နေထိုင်လျက် ရှိသည်။ ၎င်းတို့နှစ်ဦး အကြောင်းကို ရေးသားထားသည့် Separated at Birth: A True Love Story of Twin Sisters Reunited ဟု အမည် ပေးထားသော စာအုပ်ကို ထုတ်ဝေခဲ့ပြီး မှတ်တမ်း ရုပ်ရှင်ကိုလည်း ရိုက်ကူး၍ မကြာမီ ကျင်းပမည့် ရုပ်ရှင်ပွဲတော်များ၌ ပါဝင် ပြသနိုင်ရန် စီစဉ်ခဲ့သည်။ ဘော်ဒီရာတို့ ညီအစ်မ နှစ်ဦးသည် ကမ္ဘာတစ်ဝန်းရှိ မိဘမဲ့များနှင့် မွေးစားခံရသော ကလေးငယ်များကို ငွေကြေး ထောက်ပံ့ရုံသာမက စိတ်ဓာတ်ခွန်အားများလည်း မြှင့်တင်ပေးနိုင်အောင် ကြိုးစားသွားမည်ဟု သိရသည်။


No comments:

Post a Comment

back to top