Monday, October 27, 2014

ပြည်တွင်းရှိ ရုပ်ရှင်များအားလုံး ၂၀၁၆ ခုနှစ် နောက်ဆုံးထားကာ ဒစ်ဂျစ်တယ် စနစ်ဖြင့် ပြောင်းလဲပြသမည်


ပြည်တွင်း၌ ပြသနေသည့် ရုပ်ရှင်ရုံများ အနေဖြင့် နိုင်ငံတကာ အဆင့်မီ ရုပ်ရှင်ရုံများ အဖြစ် ပြသနိုင်ရန် ၂ဝ၁၆ ခုနှစ် နောက်ဆုံးထားကာ ရုပ်ရှင်ရုံ အားလုံးကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြောင်းလဲ ပြသနိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သိရသည်။ ပြည်တွင်းရှိ ရုပ်ရှင်ရုံများကို နိုင်ငံတကာ အဆင့်မီ ဒစ်ဂျစ်တယ်စနစ် ရုပ်ရှင်ရုံများ အဖြစ် ဖြည်းဖြည်းချင်း ပေါ်ထွက် လာစေရန် ဆွေးနွေးပွဲကို လုပ်ဆောင် ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
 ဆွေးနွေးရာတွင် ရုပ်ရှင်ရုံများ အားလုံးကို ၂ဝ၁၆ ခုနှစ်တွင် ဒစ်ဂျစ်တယ် စနစ်ဖြင့် ပြောင်းလဲ ပြသနိုင်ရန် ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ပြသနေသည့် ရုပ်ရှင်ရုံ များအနက် ဒစ်ဂျစ်တယ် စနစ်ဖြင့် ပြသနေသည့် ရုံများမှာ နိုင်ငံပိုင်ရုံများနှင့် ပုဂ္ဂလိကရုံများ ပေါင်းပါက  ငါးရုံသာ ပြသနိုင်ပြီး မကြာမီ အချိန်တွင် ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြသော ရုပ်ရှင်ရုံများ ထပ်မံ ပေါ်ထွက် လာစေရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြသမှုကို ၂ဝ၁၂ ခုနှစ်မှ စတင် ပြောင်းလဲခဲ့သော်လည်း လက်ရှိ နိုင်ငံပိုင် ရုပ်ရှင်ရုံများ အနက် ရုပ်ရှင်ရုံ ငါးရုံဖြစ်သည့် ဝဇီရာ(၁)၊ ဝဇီရာ(၂)၊ ရွှေလမင်း၊ ရွှေပြည်သာနှင့် ပြည်တော်အေး ရုပ်ရှင်ရုံများသာ လက်ရှိအချိန်တွင် ပြောင်းလဲ ပြသလျက် ရှိကြောင်းနှင့် ပုဂ္ဂလိက ရုပ်ရှင်ရုံ ငါးရုံကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြောင်းလဲ ပြသနိုင်ရန် လျာထားလျက် ရှိကြောင်း သိရသည်။ ၂ဝ၁၆ ခုနှစ် နောက်ဆုံးထားကာ ပြည်တွင်း ရုပ်ရှင်ရုံများကို  ဒစ်ဂျစ်တယ် စနစ်ဖြင့် ပြသနိုင်သည့် ရုပ်ရှင်ရုံများအဖြစ် ပြောင်းလဲသွားမည် ဆိုပါက ရုံတင်ပြသသည့် ရုပ်ရှင်ကားများကို တစ်ပြိုင်နက်တည်း ပြသနိုင်ရန် အရေးကြီးသည့် အပြင် လက်ရှိအချိန်တွင် ထိုကဲ့သို့ ပြသပေးနိုင်ခြင်း မရှိသည့်အတွက် ရုပ်ရှင်ရုံအချို့မှာ အရှုံးများနှင့် ရင်ဆိုင်လျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment

back to top