Thursday, October 30, 2014


ဝိုင်းစုခိုင်သိန်း၏ အာဘွား တေးစီးရီး ဒီဗီဒီဖြန့်ချီမည်

တေးသံရှင် ဝိုင်းစုခိုင်သိန်း၏ တတိယမြောက် တစ်ကိုယ်တော်စီးရီးဖြစ်သော ''အာဘွား'' တေးစီးရီး၏ ဒီဗီဒီကို နိုဝင်ဘာ ၁ ရက်တွင် စတင် ဖြန့်ချိပေးမည် ဖြစ်ပြီးယခင်ဒီဗီဒီများထက် နှစ်ဆခန့် အကုန်အကျခံကာ ရိုက်ကူး ထားကြောင်း ဝိုင်းစုခိုင်သိန်းက ပြောကြား ခဲ့သည်။ ''ဝိုင်းစု ဒီအခွေမှာပါတဲ့ သီချင်းတိုင်းကို အရင်ခွေတွေထက် ကြိုးစားထားပါတယ်။ အဓိကက အိုင်ဒီယာတွေကို ဒါရိုက်တာတွေနဲ့ရော ဝိုင်းစုစိတ်တိုင်းကျပါ ရိုက်ထားတဲ့သီချင်းတွေ ပါပါတယ်။ ''မင်းရဲ့ရွေးချယ်မှု'' သီချင်းဆိုရင် ဝိုင်းစုအိုင်ဒီယာနဲ့ ရိုက်ကူးထားပါတယ်။ 
ပရိသတ်က ဝိုင်းစုကို မြင်ဖူးနေကျ ပုံစံတော့မဟုတ်ဘူး။ အဓိကက ကိုယ့်အပေါ် သစ္စာ မရှိတဲ့သူကို စွဲလမ်းမနေဘဲ သွားချင်ရာသွားဆိုတဲ့ ပုံစံမျိုး ရိုက်ပြထားတာ။ ဒါပေမဲ့ ရိုက်ကူးရေး ဆိုတော့ လူစိတ်ဝင်စားအောင် အလွန်အကျွံတော့ လုပ်ပြထားတယ်''ဟု ဝိုင်းစုခိုင်သိန်းက ပြောသည်။
ထို့အပြင် သီချင်းခေါင်းစဉ် ''အာဘွား'' ရိုက်ကူးရေး သည်လည်း အပင်ပန်းဆုံး ဖြစ်ခဲ့ကာ ဆက်တင်ဆောက်ရန် တစ်နေ့လုံး အချိန်ပေးခဲ့ရပြီး ညမှ ရိုက်ကူးခဲ့ရကြောင်း၊ ထို့အပြင် သီချင်းတိုင်းကို သရုပ်ဆောင်အဖြစ် ရိုက်ကူးခြင်း မရှိဘဲ သီချင်းနှင့် လိုက်ဖက်မှုရှိမည့် သရုပ်ဆောင်များကို ရွေးချယ် ရိုက်ကူးထားကြောင်း ၎င်းကပြောသည်။
အဆိုပါ ဒီဗီဒီကို နိုဝင်ဘာ ၁ ရက်တွင် စတင်ဖြန့်ချိ ပေးမည် ဖြစ်ပြီး ရန်ကုန်မြို့ ဒဂုံစင်တာ (၂)၌ ပရိုမိုးရှင်းပွဲ ပြုလုပ်မည် ဖြစ်သကဲ့သို့ နိုဝင်ဘာ ၂ ရက်တွင် ဘားအံမြို့နှင့် နိုဝင်ဘာ ၄ ရက်တွင် မန္တလေးမြို့၌ ပရိုမိုးရှင်းပွဲများ ပြုလုပ်သွားရန် အစီအစဉ်ရှိကြောင်း ဝိုင်းစုခိုင်သိန်းက ပြောသည်။

No comments:

Post a Comment

back to top