တိုက်စစ်မှူးရော်နယ်ဒို ရီးရဲလ်တွင် လေးဆယ်အရွယ်အထိ ကစားသွားမည်ဟုဆို

ရီးရဲလ်မှ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုသည် အသင်းတွင် အသက်(၄၀)အရွယ်အထိ ကစားသွားမည့် သူဖြစ်ကြောင်း ၎င်း၏ အေးဂျင့်ဂျော့မန်ဒက်စ်က အတည်ပြုပြောကြားလိုက်သည်။ ရော်နယ်ဒိုမှာ အသင်း ဟောင်း မန်ယူသို့ ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိသည်ဟု သတင်းများ ထွက်ပေါ် နေချိန်တွင် မန်းဒက်စ်က ကောလာဟလများကို ထိုသို့ဖယ်ရှားလိုက်ခြင်း ဖြစ်ခဲ့သည်။ ‘‘သူက မက်ဒရစ်မှာ အရမ်းကို ပျော်ရွှင်နေတာပါ။ သူ့ကို ကလပ်ကနေ အဝေးကိုခေါ်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သူ့လိုလူမျိုး နောက်တစ်ယောက်ကို ကျွန်တော်တို့ ဘယ်တော့မှ တွေ့တော့မှာ မဟုတ်ပါဘူး။ သူဟာ နေ့တိုင်း ပိုကောင်းလာနေပြီး အသက်(၄၀) အထိ ထပ်ပြီးတိုးတက်နေမှာပါ။ ဒီမှာအနားမယူခင်အထိ သူဟာ စံချိန်အားလုံးကို ချိုးဖျက်သွားမှာ ဖြစ်ပါတယ်’’ဟု Cadena Cope သတင်းနှင့် တွေ့ဆုံရာတွင် မန်းဒက်စ်က ပြောသည်။
ရော်နယ်ဒိုသည် မန်ယူတွင် ခြောက်နှစ်ကစားခဲ့ပြီးနောက် ၎င်းကို အမှတ်ရနေသေးသော မန်ယူ ပရိသတ်များကို လေးစားတန်ဖိုး ထားကြောင်း၊ သို့သော် ၎င်း၏စိတ်ဝင်စားမှုနှင့် အကျိုးစီးပွားမှာ မက်ဒရစ်အသင်းနှင့် သာရှိနေကြောင်း မန်းဒက်စ်က ဆိုသည်။
ရော်နယ်ဒိုအတွက် ကမ်းလှမ်းမှုများ ရှိ၊ မရှိ မေးမြန်းခြင်းကိုလည်း ရော်နယ်ဒိုကို ခေါ်ယူရေးမှာ မဖြစ်နိုင်သည့် ကိစ္စတစ်ရပ်ဖြစ်ရာ လူအများ ပြောနေကြသကဲ့သို့ ၎င်းအနေဖြင့် မည်သည့်ကမ်းလှမ်းမှုမျှ မရကြောင်း ၎င်းက အတည်ပြုသည်။ မန်ယူဂိုးသမား ဒီဂီယာကလည်း ဗုဒ္ဓဟူးနေ့က ရော်နယ်ဒိုကို ၎င်းတို့အသင်းသို့ ပြန်လာ စေလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ရာ ပေါ်တူဂီကစားသမား၏ ရီးရဲလ်မက်ဒရစ်နှင့် အနာဂတ်အကြောင်း ပြောဆိုမှုများ ပိုများလာခဲ့ခြင်းဖြစ်သည်။
—Ref: AS
No comments:
Post a Comment