အီဘိုလာရောဂါ တိုက်ဖျက်မှုကို အထောက်အကူ ဖြစ်စေရန် Samsung မှ စမတ်ဖုန်း ၃,၀၀၀ လှူဒါန်း

အီဘိုလာရောဂါ တိုက်ဖျက်မှုကို အထောက်အကူ ဖြစ်စေရန်အတွက် အာဖရိက အနောက်ပိုင်းရှိ ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားသော ဒေသအချို့သို့ Samsung မှ စမတ်ဖုန်း၃,၀၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။ Samsung သည် Galaxy S3 Neo စမတ်ဖုန်း ၃,၀၀၀ ကို လှူဒါန်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ စမတ်ဖုန်းများကို ကုလသမဂ္ဂရုံးမှ တစ်ဆင့် ဂီနီယာ၊ လိုင်ဘေးရီးယားနှင့် ဆီရာလီယွန်နီ စသည့် နိုင်ငံများရှိ အီဘိုလာ ဆေးခန်း ၆၀ထံဝေမျှ သွားမည်ဖြစ်ကြောင်း ကုမ္ပဏီမှ ကြေညာ ခဲ့သည်။
အထက်ပါ နိုင်ငံ သုံးနိုင်ငံတွင် အီဘိုလာ ရောဂါဖြစ်ပွားသူ ၉,၂၀၀ ကျော်ရှိပြီး ၎င်းအနက်မှ သေဆုံးသူ ၄,၅၀၀ ကျော်ရှိကြောင်း CDC ဖောင်ဒေးရှင်းမှ ပြောကြားခဲ့သည်။ အဆိုပါ ရောဂါသည် အမေရိကန်နှင့် ဥရောပထံ ပျံ့နှံ့လာခဲ့ပြီးနောက် သေဆုံးမှုအချို့ဖြစ်ပွားခဲ့သလို မီဒီယာများကလည်း အထူးအာရုံစိုက်ကာ ဖော်ပြခဲ့ကြသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်ကလည်း Facebook ကို တွဲဖက်တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် ဖြစ်သူ မာ့ခ်ဇူကာဘက်ဂ်နှင့် ၎င်း၏ ဇနီးဖြစ်သူ ပရစ်စီလာချန်တို့က အီဘိုလာရောဂါ တိုက်ဖျက်ရေးအတွက် ဒေါ်လာ ၂၅သန်းလှူဒါန်းခဲ့သည်။
အာဖရိက အနောက်ပိုင်းမှ အီဘိုလာ ဆေးခန်းများ အနေဖြင့် Samsung စမတ်ဖုန်းများကို လက်ခံရရှိသည့် အခါတွင် ကုလသမဂ္ဂမှ ဖြန့်ချိထားသည့် Smart Health Pro application ကို ထည့်သွင်းနိုင်မည် ဖြစ်သည်။ Samsung ၏ အဆိုအရ ၎င်း app သည် လူနာ များကို ကုသနိုင်မည့် tool များအား ဆေးဝန်ထမ်းများထံ ထောက်ပံ့ပေးနိုင်ပြီး ဆေးမှတ်တမ်းများကိုလည်း စုဆောင်းပေးထား နိုင်ကြောင်း သိရသည်။ ထို့အပြင် ရောဂါကူးစက်မှု မရှိစေရန် ထိန်းချုပ်ခံထားရသည့် လူနာများအနေဖြင့်လည်း အဆိုပါစမတ်ဖုန်း များကို အသုံးပြုကာ မိသားစုများထံဖုန်းခေါ်ဆိုမှုများပြုလုပ်နိုင်မည်ဖြစ်ကြောင်းသိရသည်။

No comments:
Post a Comment