Thursday, August 14, 2014

နိုင်ငံခြား ခရီးသွား များအတွက် အွန်လိုင်း ဗီဇာ စနစ်အား စက်တင်ဘာ ၁ ရက်တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ စတင် အသုံး ပြုမည်

မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံတကာမှ ခရီးသည်များအတွက် အွန်လိုင်း ဗီဇာစနစ်ဖြစ်သည့် e-visa အား စက်တင်ဘာ ၁ ရက်မှ စတင်ကာ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ စတင် အသုံးပြုသွားမည် ဖြစ်ကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သတင်းရရှိ သည်။ အဆိုပါ e-visa စနစ်သည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် ကမ္ဘာလှည့် ခရီးသည်များသာ လျှောက်ထားနိုင်မည်ဖြစ်ပြီး အခြားစီးပွားရေး၊ လူမှုရေးကိစ္စ များဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသည်များအတွက် ပါဝင်ခြင်း မရှိသေးကြောင်း သိရသည်။ ယခု e-visa စနစ် အဆင်ပြေစွာ လည်ပတ်နိုင်ပြီးမှသာ အခြား စီးပွားရေးနှင့် လူမှုရေး ဗီဇာများအား ထပ်မံခွင့်ပြုပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။
ယခုခွင့်ပြုမည့် e -visaစနစ်သည် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်များအနေဖြင့် မိမိတို့နိုင်ငံမှ အွန်လိုင်းဖြင့် မြန်မာနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန (လ.ဝ.က) ၏ ဝက်ဘ်ဆိုက်လိပ်စာသို့ ဗီဇာ လျှောက်ထားရမည်ဖြစ်ကာ ဗီဇာခွင့်ပြုချက်အား တစ်ပတ်အတွင်း ပြန်လည် ပေးပို့ပေးသွားမည် ဖြစ်သည်။ အဆိုပါ ခွင့်ပြုချက်အား Print ထုတ်၍ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ နိုင်ငံကူး လက်မှတ်နှင့်အတူ ပြသ၍ ဝင်ရောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။ ဗီဇာ သက်တမ်းမှာ စတင်ခွင့်ပြုချိန်မှ သုံးလအတွင်း မြန်မာနိုင်ငံသို့ တစ်ကြိမ်ဝင်ရောက်ခွင့် ရရှိမည်ဖြစ်ကာ မြန်မာနိုင်ငံတွင် နေထိုင်ခွင့်ရရှိမည့် ဗီဇာသက်တမ်းမှာ ၂၈ ရက် ဖြစ်သည်ဟု သိရသည်။
ဗီဇာကြေးကို လက်ရှိတွင် အမေရိကန် ဒေါ်လာ ၅ဝ ဟု ယာယီ သတ်မှတ်ထားကြောင်း သိရသည်။ ၂ဝ၁၂ ခုနှစ် ဇွန် ၁ ရက်တွင် ဒေသတွင်း နိုင်ငံများ အပါအဝင် နိုင်ငံ ပေါင်း ၂၆ နိုင်ငံအား စီးပွားရေး ဆိုက်ရောက်ဗီဇာ စတင်ခွင့်ပြုခဲ့ပြီး ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ဥရောပနိုင်ငံ အများစုပါဝင်သော ၂၂ နိုင်ငံအား စီးပွားရေး ဆိုက်ရောက် ဗီဇာ ထပ်မံ ခွင့်ပြုခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top