ဂင်းနစ် အပြည်ပြည်ဆိုင်ရာ ချန်ပီယံများ ဖိတ်ခေါ်ဖလား ပြိုင်ပွဲတွင် မန်ချက်စတာယူနိုက်တက် ဗိုလ်စွဲ
လူးဝစ်ဗန်ဂါးလ်လက်ထက် ကစားကွက်အသစ်နှင့် တိုးတက်မှုများ ရရှိနေသော မန်ချက်စတာ ယူနိုက်တက် အသင်းသည် ဂင်းနစ် အပြည်ပြည်ဆိုင်ရာ ချန်ပီယံများ ဖိတ်ခေါ်ဖလား ပြိုင်ပွဲတွင် အင်္ဂလန် ပြည်တွင်းပြိုင်ဘက် လီဗာပူးကို (၃-၁)ဖြင့် အနိုင်ရပြီး ဗိုလ်စွဲခဲ့သည်။
မှတ်တမ်းဝင် ဖလားတစ်လုံး မဟုတ်သော်လည်း အပြည်ပြည်ဆိုင်ရာ ချန်ပီယံများ ဖိတ်ခေါ်ဖလားသည် နယ်သာလန်သား မန်နေဂျာ ဗန်ဂါးလ် လက်အောက်တွင် ယူနိုက်တက် ပထမဆုံး ရရှိသည့် အောင်မြင်မှု တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ဗန်ဂါးလ်၏ အသင်းသည် ပြိုင်ပွဲ၏ အုပ်စုအဆင့်တွင် ရိုးမား၊ အင်တာမီလန်နှင့် ရီးယဲလ်မက်ဒရစ်တို့ကို အနိုင်ကစားခဲ့ပြီး ဗိုလ်လုပွဲတွင် လီဗာပူးကို အနိုင်ယူ ဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။ ဖိတ်ခေါ်ဖလား ပြိုင်ပွဲတစ်ခုသာ ဖြစ်သော်လည်း ဩဂုတ်(၄)ရက် ညပိုင်းက အမေရိကန်နိုင်ငံ၊ မိုင်ယာမီတွင် ယှဉ်ပြိုင်သော ဗိုလ်လုပွဲ၌ တွေ့ဆုံသော နှစ်သင်းမှာ သမိုင်းကြောင်း ခါးသီးလှသည့် ပြိုင်ဘက်များပီပီ လူစုံတက်စုံ ပွဲထုတ်ခင်းကျင်းပြီး အင်တိုက်အားတိုက် ကစားခဲ့သဖြင့် ကြည့်ကောင်းခဲ့သည်။ လီဗာပူးသည် ပထမပိုင်းတွင် အသင်းခေါင်းဆောင် စတီဗင်ဂျရတ်၏ ပင်နယ်တီဂိုးဖြင့် ပွဲကို ဦးဆောင်နေသော်လည်း ယူနိုက်တက် အသင်းခေါင်းဆောင် ဝိန်းရွန်နေးက ဒုတိယပိုင်း ပြန်စပြီး (၁၀)မိနစ်တွင် ချေပဂိုးသွင်းသည်။ ထို့နောက်ပိုင်းတွင် ဟွမ်မာတာနှင့် ဂျက်ဆီလင်းဂတ်တို့က ယူနိုက်တက်အတွက် အနိုင်ဂိုးများကို ထပ်မံရယူပေးခဲ့ခြင်း ဖြစ်သည်။ ဗန်ဂါးလ်က ပွဲအပြီးတွင် တိုက်စစ်မှူး ရွန်နေးကို ချီးကျူးစကား ပြောကြားခဲ့သည်။ “ပရိသတ်တွေ ပျော်ရွှင်အောင် ကျွန်တော်တို့ လုပ်နိုင်ခဲ့တယ် ထင်ပါတယ်။ ဒါပေမဲ့ အရေးကြီးတာက ဆွမ်ဆီးစီးတီးနဲ့ ကစားမယ့် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ကို အနိုင်ရဖို့ပါပဲ။ လီဗာပူးကို ကျွန်တော်တို့ အနိုင်ရခဲ့တာကြောင့် အမေရိကန်က ပရိသတ်တွေရော၊ မန်ချက်စတာက ပရိသတ်တွေပါ ကျေနပ်နေပါလိမ့်မယ်။ ရွန်နေးဟာ ဒီပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုနဲ့ ထိုက်တန်တယ်လို့ ကျွန်တော် ထင်ပါတယ်။ သူဟာ အသင်းအတွက် ဂိုးတွေ အများကြီး သွင်းခဲ့သလို ပံ့ပိုးမှုတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ခံစစ်ကလည်း ကောင်းမွန်ခဲ့ပါတယ်။ ခံစစ်မှာ ဒီပြိုင်ပွဲရဲ့ အကောင်းဆုံးလို့ ဆိုနိုင်တဲ့ ကစားသမားတွေ ရှိနေပါတယ်”ဟု ဗန်ဂါးလ်က ဆိုသည်။
၎င်းက ရွန်နေးကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့ခြင်းနှင့် ပတ်သက်ပြီး “ကျွန်တော်က ကစားသမားတိုင်းကို အသင်းခေါင်းဆောင် လက်ပတ် ပေးအပ်ဖို့ ထိုက်တန်သလား၊ မတန်ဘူးလားဆိုတာ အမြဲတမ်း ဂရုတစိုက် စောင့်ကြည့်နေခဲ့တာပါ။ ဒီပွဲမှာ ရွန်နေးက မိနစ်(၉၀)လုံးလုံး ကစားဖို့ ရည်ရွယ်ထားပြီး အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့တာပါ”ဟု ပြောကြားသွားသည်။
_Ref: Dailymail
No comments:
Post a Comment