Tuesday, August 5, 2014

ဘရစ်စတုံး ပြိုင်ပွဲမှာ ဗိုလ်စွဲပြီး ကမ္ဘာ့အဆင့်(၁)နေရာ မက်အီရွိုင်း ပြန်ရ 

မြောက်အိုင်ယာလန် ဂေါက်သီးသမား မက်အီရွိုင်းဟာ WGCဘရစ်စတုံးပြိုင်ပွဲမှာ ဗိုလ်စွဲပြီး ကမ္ဘာ့နံပါတ်(၁) နေရာကို ပြန်ရသွားပါတယ်။
အသက်(၂၅)နှစ်သာ ရှိသေးတဲ့ မက်အီရွိုင်းဟာ ပျမ်းမျှရမှတ် (၉ဒသမ၄၁)မှတ်နဲ့ ကမ္ဘာ့နံပါတ်(၁) နေရာကို ပဉ္စမအကြိမ်မြောက် ပြန်လည် ရယူနိုင်တာ ဖြစ်ပါတယ်။ ကမ္ဘာ့ထိပ်တန်းနေရာကို (၁၁)ပတ်ကြာ ရယူနိုင်ခဲ့တဲ့ သြစတြေးလျ ဂေါက်သီးသမား အဒမ်စကော့ကတော့ ပျမ်းမျှရမှတ် (၉ဒသမ၂၄)မှတ်နဲ့ ဒုတိယနေရာ ဆင်းသွားရပါတယ်။ ဗြိတိန်အိုးပင်း ချန်ပီယံဆုကိုလည်းရခဲ့တဲ့ မက်အီရွိုင်းဟာ အိုဟိုင်းဟိုးပြည်နယ် အက်ကရွန်မြို့မှာ တနင်္ဂနွေနေ့မှာ ကျင်းပပြီးစီးတဲ့ WGC ဘရစ်စတုံးပြိုင်ပွဲမှာ စုစုပေါင်း (၂၆၅)ချက်နဲ့ (၁၅)ချက်လျော့ရိုက်ပြီး ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။ သူက ပထမနေ့မှာ(၆၉)ချက်၊ ဒုတိယနေ့မှာ (၆၄)ချက်၊ တတိယနေ့မှာ (၆၆)ချက်နဲ့ နောက်ဆုံးနေ့မှာလည်း (၆၆)ချက်ပဲ ရိုက်နိုင်ခဲ့ပါတယ်။ စပိန်ဂေါက်သီးသမား ဂါစီယာက စုစုပေါင်း(၂၆၇)ချက်နဲ့ ဒုတိယရပြီး သြစတြေးလျ ဂေါက်သီးသမား လက်ရှ်မန်းက (၂၆၈)ချက်နဲ့ တတိယ ရပါတယ်။ ကမ္ဘာ့အဆင့်(၁၀) ရောက်နေတဲ့ တိုက်ဂါးဝုဒ်ကတော့ ပြိုင်ပွဲနောက်ဆုံးနေ့မှာ ကျောဒဏ်ရာ ပြန်ရသွားလို့ ပြိုင်ပွဲက ထွက်သွားရပါတယ်။

No comments:

Post a Comment

back to top