Friday, July 25, 2014


ရုရှားကို လက်နက်ရောင်းချနေဆဲ ဖြစ်သည့် ဗြိတိန်
ရုရှားနိုင်ငံကို လက်နက်ရောင်းချမှု ရပ်တန့်ဖို့ ပြင်သစ်နိုင်ငံကို ပြောကြားထားပေမယ့် ဗြိတိန်နိုင်ငံ ကိုယ်တိုင်ကတော့ ရုရှားကို လက်နက်ရောင်းချနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဗုဒ္ဓဟူးနေ့တုန်းက ထုတ်ပြန်လိုက်တဲ့ ဗြိတိန်လွှတ်တော်ရဲ့ အစီရင်ခံစာထဲမှာ ဗြိတိန်ဟာ ရုရှားနိုင်ငံကို လက်နက်နဲ့ စစ်အသုံး အဆောင်တွေ ရောင်းချနေဆဲဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။




ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ရုရှားကို လက်နက်ရောင်းချနေ တဲ့ ပြင်သစ်နိုင်ငံ အား ပြစ်တင်ပြော ဆိုအပြီး နာရီပိုင်းအကြာမှာ အဲ့ဒီအစီရင်ခံစာ ထွက်ပေါ်လာခဲ့တာပါ။ တနင်္လာနေ့က ဗြိတိန်နိုင်ငံဟာ ရုရှားကို လက်နက်တင်ပို့မှုအားလုံး ရပ်တန့်ပြီးပြီးလို့ ကင်မရွန်းက ပြောကြား ခဲ့ပြီး ဥရောပသမဂ္ဂကိုလည်း ရုရှားကို စစ်လက်နက်ရောင်းချမှု ရပ်တန့်ဖို့ တိုက်တွန်းခဲ့ပါသေးတယ်။



ဥရောပက ရောင်းချလိုက်တဲ့ လက်နက်နဲ့ စစ်ပစ်္စည်းတွေဟာ ရုရှားကတစ်ဆင့် ယူကရိန်းခွဲထွက်ရေး သမားတွေ လက်ထဲကို ရောက်ရှိနေတယ်လို့ မစ္စတာကင်မရွန်းက ပြောပါတယ်။ ဗြိတိန်အစိုးရဟာ ရုရှားကို စစ်ပစ္စည်းရောင်းချမှု ရပ်တန့်ဖို့ကို မတ်လထဲက သဘောတူညီခဲ့တာ ဖြစ်ပေမယ့် အခုအစီရင်ခံစာ မှာတော့ ရောင်းချမှုလိုင်စင် (၂၅၁)ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကင်မရွန်းဟာ မလေးရှားလေယာဉ်  ပစ်ချခံရပြီးနောက် ရုရှားအပေါ် တင်းမာတဲ့သဘောထားကို ပြသခဲ့ပြီး အမေရိကန်နဲ့ ဗြိတိန်နှစ်နိုင်ငံလုံးက ရုရှားကို တန်ဖိုးယူရို (၁.၂)ဘီလီယံရှိတဲ့ စစ်သင်္ဘောနှစ်စင်း ရောင်းချမယ့် ပြင်သစ်ကို ကန့်ကွက်ခဲ့ပါတယ်။ 

No comments:

Post a Comment

back to top