Monday, July 28, 2014

MAI လေကြောင်းလိုင်းမှ ၂ဝ၁၅ ခုနှစ်တွင် ယူအေအီး နိုင်ငံသို့ ပုံမှန်ခရီးစဉ်များ ပျံသန်းမည်

MAI လေကြောင်းလိုင်း အနေဖြင့် ၂ဝ၁၅ ခုနှစ်အတွင်း ယူအေအီး နိုင်ငံသို့ ပုံမှန်ခရီးစဉ်များ စတင်ပျံသန်းမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) မှ တာဝန်ရှိသူ Marketing & Public Relations Manager မအေးမရသာ၏ ပြောကြားချက် အရ သိရသည်။
MAI အနေဖြင့် မတ် ၁ဝ ရက်က ယူအေအီးနိုင်ငံ၌ ပထမဆုံး လေကြောင်း သဘောတူ စာချုပ်ချုပ်ဆို ခဲ့မှုကြောင့် မြန်မာနိုင်ငံမှ ယူအေအီး နိုင်ငံသို့ ပျံသန်းခွင့်ရ လေကြောင်းလိုင်း အဖြစ် အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်းလိုင်းကို သတ်မှတ်ခဲ့သည်။
ထို့အပြင် နိုင်ငံတကာ ခရီးစဉ်များကို ပုံမှန်ခရီးစဉ်နှင့် စင်းလုံးငှား ခရီးစဉ်များဖြင့် ပျံသန်းလျက် ရှိပြီး မကြာသေးမီက MAI လေကြောင်းလိုင်းသည် ဂျပန်နိုင်ငံ အခြေစိုက် Hama Inc နှင့် ဂျပန်-မြန်မာ လေကြောင်း ခရီးစဉ်များ တိုးချဲ့ပျံသန်းနိုင်ရန် သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြောင်း သိရသည်။
အလားတူ တောင်ကိုရီးယား-ရန်ကုန် ခရီးစဉ်ကို ၂ဝ၁၃ ခုနှစ်မှ စတင်၍ Korean Air, Asiana လေကြောင်းလိုင်းများဖြင့် (Code Share) အကျိုးတူ ပူးပေါင်း၍ ပျံသန်းခဲ့ပြီး ဖေဖော်ဝါရီလမှ စတင်၍ စင်းလုံးငှား ခရီးစဉ်များ စတင် ပျံသန်းခဲ့ကြောင်း၊ ထို့အတွက် တောင်ကိုရီးယား နိုင်ငံနှင့် ဂျပန်နိုင်ငံတို့သို့ ပုံမှန်ခရီးစဉ်များ ပျံသန်းနိုင်ရန် စီစဉ်လျက် ရှိသည်။
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) သည် ခရီးသည် ၁၈ဝ ဆံ့ Airbus A 320 လေယာဉ် ခုနစ်စင်း၊ ခရီးသည် ၁၂ဝ ဆံ့ Airbus A 319 လေယာဉ် နှစ်စင်းဖြင့် ရန်ကုန်မြို့မှ စင်ကာပူ၊ ဗန်ကောက်၊ ကွာလာလမ်ပူ၊ ကွမ်ကျိုး၊ ဆီရမ်ရိ၊ ဖနွမ်ပင်နှင့် ဂယာမြို့များသို့ ခရီးစဉ်များ ပျံသန်းလျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment

back to top