Tuesday, July 29, 2014

ဇာတ်သဘင်နဲ့ ဆက်နွှယ်တဲ့ ရုပ်ရှင်ဇာတ်ကားမျိုးကို ရိုက်သွားဖို့ အစီအစဉ် ရှိတယ်ဆိုတဲ့ ဖိုးချစ် 

မြန်မာ့ဇာတ်သဘင် လောကမှ တစ်ဆင့် ရန်ကုန် ပရိသတ်များသာမက နယ်ပရိသတ်များ၏  အားပေးမှုများ ကိုပါ ရရှိနေသည့်  ဇာတ်မင်းသား ဖိုးချစ်သည် သရုပ်ဆောင်လုပ်ငန်းများအတွက် အချိန်အများ ကြီး မပေးနိုင်သော်လည်း ဇာတ်သဘင်နှင့် ဆက်နွယ်သည့် ရုပ်ရှင်ဇာတ်ကားမျိုးကို ရိုက်ကူသွားရန် အစီအစဉ် ရှိကြောင်း ပြောပြခဲ့သည်။
''ကျွန်တော့် အနေနဲ့ ကြော်ငြာ ဓာတ်ပုံတွေကတော့ ရိုက်ဖြစ်ပါတယ်။ ဇာတ်ကားရိုက်ဖို့ အချိန် အများကြီး မပေးနိုင်တဲ့ အတွက် သရုပ်ဆောင်ဘက်ကိုတော့ မလှည့်နိုင်သေးပါဘူး။ ဒါပေမဲ့ ကျွန်တော် ရိုက်ချင်တဲ့  ရုပ်ရှင်ကား တစ်ကားတော့ ရှိပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ ဇာတ်သဘင်နဲ့ ဆက်နွှယ်တဲ့ ဇာတ်ကား မျိုးတွေ ရိုက်ဖို့တော့ အစီအစဉ် ရှိပါတယ်။ ကျွန်တော် စဉ်းစားထားတဲ့ ဇာတ်လေးက  သီပေါမင်း ပါတော်မူပြီးတဲ့ နောက်ပိုင်းမှာ အနုပညာရှင်တွေရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ဇာတ်ရုပ်ကလေးကို ရိုက်ဖို့ပါ။    အကောင်အထည်လည်း ဖော်ဖြစ်အောင် ကျွန်တော်နဲ့ ဝါရင့် အနုပညာရှင်ကြီးတွေ တိုင်ပင်သွားမှာပါ'' ဟု ဖိုးချစ်က ပြောပြခဲ့သည်။
သြဂုတ် ၇ ရက်နှင့် ၈ ရက်တွင် ဖျော်ဖြေတင်ဆက် ကပြမည့် သဘင် ဘိုးဘွားရိပ်သာ ရန်ပုံငွေပွဲနှင့် ပတ်သက်၍လည်း ''ကျွန်တော်လုပ်တဲ့ လုပ်အားလေးပေါ်မှာ  အဓိပ္ပာယ်ရှိအောင်နဲ့ ကျွန်တော်တို့လို သဘင်နဲ့ အသက်မွေးဝမ်းကျောင်း ပြုခဲ့တဲ့    ဘိုးဘွားတွေ အသက်အရွယ် ကြီးလာကြတဲ့ အခါမှာ နားခိုစရာ နေရာလေး တစ်ခုဖြစ်အောင်  စီစဉ်ထားတဲ့ စိတ်ကူးလေးပါ။ ဒီပွဲကနေ ရလာတဲ့ ငွေကြေးတွေ ဟာ ဘိုးဘွားတွေ အတွက်ပဲ ဖြစ်ပါတယ်။  ဘိုးဘွားရိပ်သာကို  ဒီနှစ်ထဲမှာ ဆောက်ဖို့ စီစဉ်နေပါတယ်။  သြဂုတ် ၇ ရက်နဲ့  ၈ ရက်မှာ ပြုလုပ်မယ့် ပွဲကနေရတဲ့ အနုပညာကြေး အပါအဝင် အားလုံးကို သဘင် ဘိုးဘွားရိပ်သာ အတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။ အားလုံးကလည်း ဒီကိစ္စနဲ့ ပတ်သက်လို့   ဝိုင်းဝန်း လုပ်ဆောင်ကြတယ် ဆိုတာ အရမ်းကောင်းပါတယ်။ ဘိုးဘွားတွေ အတွက် စီစဉ်ပေးတာ၊ သက်ကြီး ပူဇော်ပွဲတွေ ပြုလုပ်တယ် ဆိုတာက သာမန်ကိစ္စ မဟုတ်ပါဘူး။ပေါ်ပင်လုပ်ရတဲ့ ကိစ္စမဟုတ်ပါဘူး။ တကယ့်ကို ရေရှည်အတွက် လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတစ်ခုပါ'' ဟုဖိုးချစ်က ဆက်လက် ပြောပြခဲ့သည် သဘင်ဘိုးဘွားရိပ်သာ အတွက် ဖိုးချစ် လှူဒါန်းမည့်  သဘင်ဘိုးဘွားရိပ်သာ ရန်ပုံငွေ ပွဲကြီးကို သြဂုတ်  ၇ ရက်နှင့် ၈ ရက်တို့တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် မြက်ခင်းပြင် မိုးလုံလေလုံ ဇာတ်ရုံကြီး၌ ည ၇ နာရီခွဲမှ  ၁၂ နာရီအထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top