Tuesday, July 1, 2014

မန်ယူ မန်နေဂျာဟောင်း ဖာဂူဆန်က အင်ဒီမာရေးကို အကြံပေး






ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့် တက်ရောက်သွားတဲ့ လက်ရှိချန်ပီယံ အင်ဒီမာရေးက မန်ချက်စတာယူနိုက်တက် မန်နေဂျာဟောင်း ဖာဂူဆန်က သူ့ကိုအကြံပေးတဲ့ အကြောင်း တနင်္လာနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပြပါတယ်။
အမျိုးသားတစ်ဦးချင်း စတုတ္ထအဆင့်မှာ ဗြိတိန်တင်းနစ်သမား အင်ဒီမာရေးက ကမ္ဘာ့အဆင့်(၁၈)ရှိတဲ့ တောင်အာဖရိက တင်းနစ်သမား ကီဗင်အင်ဒါဆင်ကို (၆း၎၊၆း၃၊၇း၆)နဲ့ အနိုင်ရ သွားပါတယ်။ အဲဒီပွဲမှာ အင်ဒီမာရေး ကစားတာကိုကြည့်ပြီး ဖာဂူဆန်က အကြံပေးတာ ဖြစ်ပါတယ်။ အင်ဒီမာရေးက သတင်းစာ ရှင်းလင်းပွဲမှာ "ကျွန်တော်နဲ့ ဖာဂူဆန်စကားတွေ အများကြီး ပြောဖြစ်ပါတယ်။ အဲဒီထဲမှာ ကျွန်တော့်ကို အကြံပေးတာတွေလည်း ပါပါတယ်။ နည်းစနစ်ပိုင်းတော့ မဟုတ်ပါဘူး။ စိတ်ဓာတ်ရေးရာနဲ့ ပတ်သက်လို့ အကြံပေးတာပါ။ သူက ကျွန်တော် ကစားတာကို အမြဲလို လိုက်ကြည့်တတ်ပါတယ်"လို့ ပြောပြပါတယ်။ အဲဒီနေ့က ကစားတဲ့ အမျိုးသားပွဲစဉ်မှာ ဆားဘီးယား တင်းနစ်သမား ဂျိုကိုဗစ်က ပြင်သစ်တင်းနစ်သမား ဆွန်ဂါကို အနိုင်ရပြီး ကွာတားဖိုင်နယ် တက်သွားပါတယ်။ ဆီဒင် ထိပ်တန်းအဆင့်ရ ဂျိုကိုဗစ်အနေနဲ့ ဆီဒင်အဆင့်(၁၄) ဆွန်ဂါကို (၁၁)ပွဲဆက်တိုက် အနိုင်ရတာ ဖြစ်ပါတယ်။ အမျိုးသမီး တစ်ဦးချင်း စတုတ္ထအဆင့်မှာလည်း ရုရှားတင်းနစ်မယ် မာကာရိုဗာက ပိုလန်တင်းနစ်မယ် ရက်ဝန်စကာကို (၆း၃၊၆းဝ)နဲ့ အနိုင်ရပါတယ်။

No comments:

Post a Comment

back to top