ဆွစ်ဇာလန် အသင်းကို အကောင်းဆုံး ဦးဆောင်ခဲ့တဲ့ နည်းပြဟစ်ဖဲလ် အနားယူတော့မည်

(၁၆)သင်း ရှုံးထွက်အဆင့်ထိ တက်ရောက်နိုင်ခဲ့တဲ့ ဆွစ်ဇာလန်နည်းပြ ဟစ်ဖဲလ်ဟာ ရာထူးက အနားယူတော့မှာ ဖြစ်ပေမယ့် ပြိုင်ဘက်ကို အကောင်းဆုံး ရင်ဆိုင်နိုင်ခဲ့လို့ ကျေနပ်ပါတယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
အာဂျင်တီးနားနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အဲဒီရှုံးထွက်ပွဲမှာ ဆွစ်ဇာလန်တို့ ခြေစွမ်းပြနိုင်ခဲ့ပြီး အချိန်ပို(၁၁၈)မိနစ်မှသာ ဒီမာရီယာရဲ့ သွင်းဂိုးကြောင့် အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ ပြိုင်ပွဲက ထွက်ရပေမယ့် ကမ္ဘာ့ဖလား ချန်ပီယံ(၂)ကြိမ်ရထားတဲ့ အာဂျင်တီးနားကို အခက်တွေ့အောင် ကစားနိုင်ခဲ့လို့ နည်းပြဟစ်ဖဲလ်က အခုလိုပြောလိုက်တာ ဖြစ်ပါတယ်။ ကစားသမားဘ၀က အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့သလို ၀ါရင့်နည်းပြတစ်ဦးအဖြစ် ရပ်တည်နိုင်နေတဲ့ ဟစ်ဖဲလ်ဟာ ပြိုင်ပွဲပြီးရင် အနားယူမယ်လို့ ကြေညာထားခဲ့တာပါ။” တကယ်တမ်း အနားယူချိန်မှာ ၀မ်းနည်းမိပေမယ့် အသင်းကို အကောင်းဆုံး တည်ဆောက်ပေးနိုင်ခဲ့လို့လည်း ကျေနပ်ရပါတယ်။ အသင်းသားတွေနဲ့ ခွဲခွာရလို့ အားလုံးစိတ်မကောင်းကြပါဘူး။ ဒါပေမယ့် ဒီလိုအနေအထားထိ ရောက်အောင် ကြိုးစားပေးခဲ့တဲ့ သူတို့ကိုလည်း ကျေးဇူးတင်ရမှာပါ။ ဆွစ်ဇာလန်ရဲ့ ခြေစွမ်းဟာ အဆင့်တစ်ခု ရောက်နေပါပြီ”လို့ ဟစ်ဖဲလ်က ဆိုခဲ့ပါတယ်။ ဂျာမန်သွေးတစ်ဝက်ပါတဲ့ ဟစ်ဖဲလ်က ပြိုင်ပွဲမှာ ဂျာမနီကို ဆက်လက် အားပေးမှာ ဖြစ်ပေမယ့် ဘယ်သူချန်ပီယံ ဖြစ်မလဲဆိုတာ မသိနိုင်ပါဘူးလို့ ဆက်လက် ပြောကြားခဲ့ပါသေးတယ်။ ကမ္ဘာ့ဖလားကို (၁၀)ကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရတဲ့ ဆွစ်ဇာလန်အသင်းဟာ ပြိုင်ပွဲတစ်လျှောက် အမြင့်ဆုံးအဖြစ် ကွာတားဖိုင်နယ်ကို (၃)ကြိမ် တက်ရောက် နိုင်ခဲ့ဖူးတဲ့အသင်း ဖြစ်ပါတယ်။
No comments:
Post a Comment