Monday, June 30, 2014

နောက်ကျဂိုးများဖြင့် မက္ကဆီကို ကိုအနိုင်ယူကာ ကွာတားဖိုင်နယ်သို့ ဟော်လန်အသင်း တက်ရောက်


၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ရှုံးထွက်(၁၆)သင်းအဆင့် တတိယမြောက်ပွဲစဉ်တစ်ပွဲဖြစ် သည့် ဟော်လန်အသင်းနှင့် မက္ကဆီကိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဟော်လန်အသင်းက (၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်သွားခဲ့သည်။ ဟော်လန်အသင်းတွင် ဗန်ပါစီ၊ ရော်ဘင်၊ ကူရစ်၊ ဆနိုက်ဒါတို့ဖြင့် လူစုံထုတ်ခဲ့ပြီး မက္ကဆီကိုအသင်းကလည်း ဒေါ့ဆန်းတို့စ်၊ မားကွက်ဇ်၊ ပါရယ်လ်တာ တို့ဖြင့်လူစုံနီးပါး ပွဲထွက်ယှဉ်ပြိုင်ခဲ့သည်။
ပထမပိုင်းတစ်ပိုင်းလုံး ရာသီဥတုပူပြင်းမှုကြောင့် နှစ်ဖက်ကစားသမားများ မောပန်းနေကြသဖြင့် ထင်သလောက် မကစားနိုင်ခဲ့ပေ။ ထို့ကြောင့် ပွဲချိန်(၃၀)မိနစ်ခန့်တွင် ခေတ္တအနားယူချိန် (Cooling Break) ယူခဲ့ရသည်။ ဒုတိယပိုင်း(၄၈)မိနစ်တွင် တိုက်စစ်မှူးဒေါ့ဆန်းတို့စ်က မက္ကဆီကိုအသင်းအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့သည်။
ယင်းနောက် ဟော်လန်အသင်းက ချေပဂိုးပြန်လည်ရရှိရန် ဖိကစားခဲ့သော်လည်း မက္ကဆီကိုနောက်တန်းနှင့် ဂိုးသမားအိုချူအာတို့ အကောင်းဆုံး တုန့်ပြန်ခဲ့သည်။
ပွဲချိန်(၈၈)မိနစ်အရောက်တွင် ထောင့်ကန်ဘောမှ ပြန်ကျလာသည့်ဘောလုံးကို ဆနိုက်ဒါက မြေမကျကန်သွင်းယူကာ ဟော်လန်အသင်းအတွက် ချေပဂိုးယူပေးခဲ့သည်။ ထို့နောက် နာကျင်အချိန်ပို(၉၃)မိနစ်တွင် လူစားဝင်တိုက်စစ်မှူး ဟန်တယ်လာက ရော်ဘင်ကြောင့်ရသည့် ပယ်နယ်တီမှတဆင့် ဟော်လန်အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။ ထို့ကြောင့် ဟော်လန်အသင်းမှာ ကွာတားဖိုင်နယ်အဆင့်သို့ တက်လှမ်းသွားခဲ့သည်။

No comments:

Post a Comment

back to top