Thursday, May 22, 2014


ဝန်းရံပိတ်ဆို့ရန် ရည်ရွယ်သော စစ်ရေးပူးပေါင်းမှုများကို တုံ့ပြန်ရန်ကြိုး စားသွားမည်ဟု တရုတ်သမ္မတပြောကြား
တရုတ်သမ္မတရှီကျင့်ဖျင်က တရုတ်နိုင်ငံကို ၀န်းရံပိတ်ဆို့ရန် ရည်ရွယ်သော စစ်ရေးပူးပေါင်းဆောင်ရွက်မှု များကို တုံ့ပြန်နိုင်မည့် ဆောင်ရွက်ချက်မျိုး ဆောင်ရွက်သွားရန် ကြိုးစားသွားမည်ဟု ပြောကြားခဲ့ကြောင်း ရိုတ်တာသတင်းဌာနက ယနေ့ဖော်ပြသည်။

တရုတ်သမ္မတရှီကျင့်ဖျင်သည် ရှန်ဟိုင်းမြို့တွင် ကျင်းပလျက်ရှိသော အာရှဒေသယုံကြည်မှု တည်ဆောက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ညီလာခံတွင်မိန့်ခွန်းပြောကြားရာ၌ ယခုကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံနှင့်ဆက်ဆံရေး တင်းမာမှုအချို့ ဖြစ်ပေါ်နေသော တောင်ကိုရီးယားနိုင်ငံ အပါအ၀င် ရုရှားကဲ့သို့အင်အားကြီးနိုင်ငံများနှင့် အတူ အဖွဲ့ဝင် ၂၄ နိုင်ငံပါဝင်သော အာရှဒေသ ယုံကြည်မှု တည်ဆောက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို အာရှဒေသတွင် အမေရိကန်နိုင်ငံ၏ လွှမ်းမိုးမှုကိုကာကွယ်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့သော အဖွဲ့ဖြစ်သည်ဟု သိရသည်။
ရှီကျင့်ဖျင်က “ကျွန်တော်တို့အနေနဲ့ ဒေသတွင်း လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်နိုင်မယ့် နည်းလမ်းသစ်တွေ ရှာဖွေဖို့လိုအပ်နေပြီဖြစ်သလို ကိုယ့်ဒေသရဲ့ လုံခြုံရေးကို ကိုယ့်အားကိုယ်ကိုးပြီး တာဝန်ယူနိုင်ဖို့လဲ ကြိုးစားရပါလိမ့်မယ်။ အာရှဒေသမှာ မလိုလားအပ်တဲ့ အငြင်းပွားမှုနဲ့ တင်းမာမှုတချို့ဖြစ်ပေါ်နေပေမယ့် ဒါတွေဟာ ငြိမ်းချမ်းစွာ ဖြေရှင်းလို့ရတဲ့ ပြဿနာမျိုးတွေပဲဖြစ်ပါတယ်။ တချို့ဆောင်ရွက်ချက်တွေဟာ တရုတ်နိုင်ငံကို ၀န်းရံပိတ်ဆို့ရန် ရည်ရွယ်တဲ့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ယူဆချင်စရာဖြစ်နေပါတယ်။ အာရှဒေသနဲ့ထိစပ်နေတဲ့ နိုင်ငံတစ်ခုမဟုတ်ဘဲ စစ်ရေးဆိုင်ရာ လက်တွဲမှုမျိုးတွေ ပြုလုပ်ဖို့ကြိုးစားတာဟာ တရုတ်နိုင်ငံကို ပစ်မှတ်ထားတယ်လို့ပဲ ယူဆရမှာပါ။ ကျွန်တော်တို့ဘက်က အဲဒီဆောင်ရွက်ချက်တွေကို တုံ့ပြန်နိုင်ဖို့ စီစဉ်သွားမှာပါ” ဟု ပြောသည်။ ရှီကျင့်ဖျင်သည် ပြီးခဲ့သည့်လက အမေရိကန်သမ္မတအိုဘားမား၏ အာရှခရီးစဉ် အတွင်း တောင်ကိုရီးယား၊ ဂျပန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့ နှင့် စစ်ရေးပူးပေါင်းမှုများပြုလုပ်ရန် သဘောတူညီမှုရယူခဲ့ခြင်းများကို တရုတ်နိုင်ငံဘက်မှ တုံ့ပြန်မည်ဟု သတိပေးခဲ့ခြင်းဖြစ်ကြောင်း ရိုက်တာက ဖော်ပြသည်။

 

 

No comments:

Post a Comment

back to top