Tuesday, May 6, 2014

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် ကွန်ကရစ်တုံးချသူများကို အရေးယူ

မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ခရီးသွားယာဉ် အန္တရာယ်ဖြစ်စေနိုင်သည့် ကွန်ကရစ်တုံးချထား သူများကို ဖမ်းဆီး စစ်ဆေးပြီး အရေးယူနေကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်နှင့် ယခုနှစ်အတွင်း အမြန်လမ်းပေါ်တွင် ကွန်ကရစ်တုံးချခြင်းကဲ့သို့  ခရီးသည်များ ယာဉ်အန္တရာယ်ဖြစ် စေရန် လုပ်ဆောင်မှု ၁၁ မှုကို အရေးယူခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရုံးမှ ရဲမှူးကြီးနေ၀င်းကပြောသည်။
ဧပြီ ၂၉ ရက်တွင် အမြန်လမ်းမကြီးဘေးရှိ ကွန်ကရစ်တုံးများကို ဖျက်ဆီး၍ ခရီးသွားများ အန္တရာယ်ဖြစ်စေ ရန် ကားလမ်းပေါ်ချထားသည့် အမျိုးသားတစ်ဦးကို ရေတာရှည်မြို့နယ် တရားရုံးက ထောင်ဒဏ်သုံးနှစ် ချမှတ်အရေးယူခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဧပြီ ၉ ရက် ညနေပိုင်းက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၈၃ /၆ နှင့် ၁၈၃/၇)ကြားတွင် လူတစ်ဦးက ကွန်ကရစ်တုံးများ ကန့်လန့်ချနေကြောင်း သတင်းအရ သာဂရအမြန်လမ်း ရဲစခန်းမှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ရာ နတ်မောက်မြို့နယ် ပေါကံ္ကရွာနေ အသက်(၃၀) အရွယ် အမျိုးသားတစ်ဦး အရက်သေစာများ သောက်စားမူးယစ်ပြီး လမ်းဘေးရှိ ကွန်ကရစ်တုံး များကို ဖျက်ဆီးကာ လမ်းတွင်ကန့်လန့်အနေထားချနေသည်ကို တွေ့ရှိခဲ့သဖြင့် တရားစွဲဆိုခြင်းဖြစ်သည်။

အဆိုပါအမျိုးသားအား ရေတာရှည်မြို့နယ် တရားရုံးက ပြည်သူပိုင်ပစ္စည်းများ ကာကွယ်ထိန်း သိမ်းစောင့်ရှောက်ရေး ဥပဒေပုဒ်မအရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ်၊ အမြန်လမ်းမကြီးဆိုင်ရာ ဥပဒေပုဒ်မအရအလုပ် နှင့် ထောင်ဒဏ်သုံးလပြစ်မှုနှစ်ရပ်ပေါင်းကို တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချ မှတ်ခဲ့သည်။
ဧပြီလကပင် ဖြူးမြို့နယ်အတွင်း အမြန်လမ်းပေါ်တွင် အမျိုးသားနှစ်ဦး ကွန်ကရစ်တုံးချထားမှုဖြစ်ခဲ့၍ ၎င်းတို့ကိုလည်း အရေးယူဆောင်ရွက်မည်ဟု ရဲမှူးကြီးနေ၀င်းက ပြောသည်။

 

No comments:

Post a Comment

back to top