Friday, May 30, 2014

ယူအက်စ် အိုးပင်းကို မပြိုင်တော့ဘူးလို့ တိုက်ဂါးဝုဒ် ကြေညာ






အမေရိကန် ဂေါက်သီးသမား တိုက်ဂါးဝုဒ်က နောက်လထဲမှာ ကျင်းပမယ့် ယူအက်စ်အိုးပင်း ပြိုင်ပွဲကို ပြိုင်နိုင်တော့မှာ မဟုတ်ဘူးလို့ ဗုဒ္ဒဟူးနေ့က သူ့ဝက်ဆိုဒ်မှာ ကြေညာထားပါတယ်။ အဲဒီယူအက်စ်အိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲမှာ သူ(၃)ကြိမ်အထိ ဗိုလ်စွဲခဲ့ဖူးပြီး ဒီနှစ်တော့ ကျောဒဏ်ရာကြောင့် သူမပြိုင်နိုင်တာ ဖြစ်ပါတယ်။ အဲဒီဒဏ်ရာကြောင့်ပဲ ဒီနှစ်ထဲမှာ သူမပြိုင်နိုင်တာ မေဂျာပြိုင်ပွဲ (၂)ပွဲဆက်တိုက်ရှိပြီ ဖြစ်ပါတယ်။ ကမ္ဘာ့နံပါတ်(၁) နေရာကနေ မကြာခင်ကပဲ ဆင်းခဲ့ရတဲ့ တိုက်ဂါးဝုဒ်ဟာ သူ့နောက်ကျောက အာရုံကြော ညပ်နေတာကို ကုသနေရတာ လအတန်ကြာပြီ ဖြစ်ပါတယ်။ ပြိုင်ပွဲတွေကိုလည်း မတ်လကုန် လောက်ကတည်းက မပြိုင်နိုင်တော့တာပါ။ ဧပြီလက ကျင်းပတဲ့ မာစတာပြိုင်ပွဲကိုလည်း မပြိုင်နိုင်ပါဘူး။ "ယူအက်စ်အိုးပင်းဟာ ကျွန်တော့်အတွက် အလွန်အရေးပါတဲ့ ပြိုင်ပွဲပါ။ မေဂျာပြိုင်ပွဲ(၂)ပွဲနဲ့ တခြားအရေးကြီးပြိုင်ပွဲ အတော်များများကို မပြိုင်နိုင်ပေမယ့် ဒီနှစ်ထဲတော့ ကျွန်တော် ပြိုင်ပွဲပြန်ဝင်ပြီး အောင်မြင်မှုတွေ ပြန်ရမယ်လို့ မျှော်လင့်ထားပါတယ်။ ကျွန်တော့် အနာဂတ်အတွက်လည်း အကောင်းမြင်ထားပါတယ်"လို့ တိုက်ဂါးဝုဒ်က ပြောပါတယ်။

No comments:

Post a Comment

back to top