Thursday, May 22, 2014

ချန်ပီယံလိဂ် ဗိုလ်စွဲဖို့ ရီရဲလ် အသင်းသားတွေ ဆန္ဒပြင်းပြနေတဲ့ သတင်း






ရီရဲလ်မက်ဒရစ် တောင်ပံကစားသမား ဒီမာရီယာက သူတို့အသင်းသားတွေ အားလုံးဟာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ အရမ်းဆန္ဒ ပြင်းပြနေတယ်လို့ အင်္ဂါနေ့က မက်ဒရစ်မြို့က ရီရဲလ်လေ့ကျင့်ရေးကွင်းမှာ ပြောပါတယ်။ ရီရဲလ်မက်ဒရစ် အသင်းဟာ အက်သလက်တီကိုမက်ဒရစ်နဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားရမှာဖြစ်ပြီး ဗိုလ်လုပွဲကိုတော့ ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့မှာ ကျင်းပမှာပါ။ အဲဒီပွဲဟာ ဥရောပ အဆင့်မြင့်ဆုံး ကလပ်ပြိုင်ပွဲ သမိုင်းတလျှောက် (၅၉)နှစ်အတွင်း ပထမဆုံးအကြိမ် တစ်မြို့တည်း အခြေစိုက် အသင်းနှစ်သင်း ဗိုလ်လုရတဲ့ပွဲ ဖြစ်ပါတယ်။ ဒီမာရီယာက ’’ရီရဲလ်မက်ဒရစ်ကို ရောက်ရောက်ချင်းပဲ ချန်ပီယံလိဂ်ဟာ အသင်းအတွက် ဘယ်လောက် အရေးပါသလဲကို ကျွန်တော်ကောင်းကောင်း နားလည် သဘောပေါက်ခဲ့ပါတယ်။ အသင်းပရိသတ်တွေကလည်း ဒီအောင်မြင်မှုကို အရမ်းရချင်ကြပါတယ်။ အခု ကျွန်တော်တို့အသင်း ဗိုလ်လုပွဲကို ရောက်နေပါပြီ။ ဗိုလ်လုပွဲဟာ ကျွန်တော်တို့အတွက် မဖြစ်မနေ အနိုင်ကစားရမယ့်ပွဲ ဖြစ်တာကို ပရိသတ်တွေရဲ့ အားပေးမှုက သက်သေ ပြနေပါတယ်’’လို့ ပြောပါတယ်။ ဆက်လက်ပြီး လူငယ်တိုက်စစ်မှူး ဒီမာရီယာကလည်း ’’မက်ဒရစ် ပရိသတ်တွေအတွက် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးပေးနိုင်ခဲ့ရင် ပျော်စရာ အကောင်းဆုံး အချိန်တွေ ဖြစ်လာမှာပါ။ ဗိုလ်လုပွဲကို ရောက်အောင် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရပါတယ်’’လို့ ပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ နွေရာသီကမှ ရီရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ကြေး ယူရို(၃၂ဒဿမ၂)သန်းနဲ့ ပြောင်းခဲ့တဲ့ အီလာရာမန်ဒီ ကလည်း သူတို့မှာ နည်းပြကောင်း ရှိတဲ့အတွက် အနိုင်ရမယ်လို့ ယုံကြည်ကြောင်း ဆိုပါတယ်။

No comments:

Post a Comment

back to top