၁၇နှစ်ကြာရပ်နားထားသော အမျိုးသား အားကစားပွဲတော် ပြန်လည် ကျင်းပမည်ဟု အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းပြော
(၂၈)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် အထောက်အကူ ဖြစ်စေရန် ၁၇နှစ်ကြာ ရပ်နားထားသော အမျိုးသား အားကစားပွဲတော်ကို ပြန်လည် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ပြောကြားသည်။အဆိုပါ အကြောင်းအရာကို မေ ၁၀ရက်၌ ပြုလုပ်ခဲ့သည့် ၂၀၁၃ ခုနှစ် တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆုပေးပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။“ အရင်က ရန်ကုန်နဲ့ နေပြည်တော်မှာပဲ ပြည်နယ်နှင့် တိုင်းပွဲတွေ ကျင်းပခဲ့တယ်။ အခုတော့ တိုင်းနဲ့ ပြည်နယ်တွေရဲ့ မြို့တော်တွေမှာ တိုင်းနှင့်ပြည်နယ် ၀န်ကြီးချုပ်ဖလား အားကစား ပြိုင်ပွဲတွေ ကျင်းပမယ်။ အရင်က ကျင်းပခဲ့တဲ့ အမျိုးသား အားကစား ပွဲတော်ကိုလဲ လာမယ့် ဒီဇင်ဘာ၊ ဒါမှမဟုတ် ဇန်န၀ါရီမှာ ကျင်းပနိုင်ဖို့ စီစဉ်နေပါတယ်”ဟု မြန်မာနိုင်ငံ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ပြောကြားသွားခဲ့သည်။အမျိုးသား အားကစား ပွဲတော်သည် ယခင်က မြန်မာနိုင်ငံတွင် အမြင့်ဆုံးအဆင့် အားကစားပြိုင်ပွဲ အမျိုးအစားဖြစ်ပြီး ယင်းပြိုင်ပွဲများတွင် ဆုတံဆိပ် ရရှိသူများကို ပြည်ပအားကစား ပြိုင်ပွဲများအတွက် ရွေးချယ်ခဲ့ကြသည်။ နောက်ဆုံး အကြိမ်အဖြစ် ကျင်းပ ပြုလုပ်ခဲ့သည့် ၁၉၉၇ တတိယအကြိမ်မြောက် အမျိုးသား အားကစားပွဲတော်၌ လက်သိုင်း( ပန်ကြပ်ဆီလတ်)အားကစားနည်းတွင် ရွှေတံဆိပ် ဆွတ်ခူးပြီး နိုင်ငံ့လက်ရွေးစင် တစ်ယောက်ဖြစ်လာသူ ကိုဇေယျာမျိုးဝင်းဌေးက “အရင်တုန်းက အမျိုးသား အားကစားပွဲက အမြင့်ဆုံး ပြိုင်ပွဲပါ။ ကျောင်းသားအားကစားပွဲတော်၊ ပြည်နယ်နှင့်တိုင်း အားကစားပွဲတော် အစသဖြင့် ရှိပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက အဲဒီပြိုင်ပွဲတွေကနေ တိုင်းပြည်ဂုဏ်ဆောင် လက်ရွေးစင် ကစားသမားတွေ မွေးထုတ်ပေးနိုင်တယ် ဆိုတာပါပဲ။ တိုင်းပြည် အားကစား တိုးတက်ရေးအတွက် ဒီလိုပြိုင်ပွဲမျိုးတွေ လိုအပ်ပါတယ်”ဟု မှတ်ချက်ပေး သည်။ အမျိုးသား အားကစား ပြိုင်ပွဲတွင် ထည့်သွင်း ကျင်းပလေ့ရှိသည့် အားကစားနည်းများမှာ အိုလံပစ် အားကစားနည်းများ အများစုပါဝင် လေ့ရှိပြီး ပြေးခုန်ပစ်၊ ဘော်လီဘော၊ ဘောလုံး၊ ရေကူး အားကစားနည်းများကို ထည့်သွင်းကျင်းပလေ့ ရှိကြောင်း သိရသည်။ အဆိုပါ အမျိုးသား အားကစားပွဲတော် ပြန်လည် ကျင်းပရန် စီစဉ်နေခြင်းနှင့် ပတ်သက်၍ ၀ါရင့် အားကစား ကလောင်ရှင်ဖြစ်သူ ဦးလူလူမင်းက စစ်မှန်တဲ့ အားကစားသမားကောင်းများ ပေါ်ထွက်လာရန်အတွက် အစီအစဉ်ကောင်း တစ်ခုဖြစ်ပြီး ပြန်လည်ကျင်းပရန်ထက် ပုံမှန်ပြန်လည် ကျင်းပနိုင်ရေးမှာ ပိုအရေးကြီးသည့်အပြင် တိုင်းပြည်အားကစား တိုးတက်ရေးအတွက် အရေးပါသည့် ဆောင်ရွက်ချက် ဖြစ်သောကြောင့် လုပ်သင့်သည့် အစီအစဉ်တစ်ခု ဖြစ်ကြောင်း ပြောကြားသည်။ အမျိုးသားအားကစားပွဲတော်သည် ၁၉၉၁ပြည့်နှစ်တွင် ပထမအကြိမ်၊ ၁၉၉၄ ပြည့်နှစ်တွင် ဒုတိယအကြိမ်၊ ၁၉၉၇ ခုနှစ်တွင် နောက်ဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ပြီးနောက်ရပ်နားခဲ့ပြီးမှ ပြန်လည်ကျင်းပနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။
No comments:
Post a Comment