အဘိဓဇမဟာရဋ္ဌဂုရု ဂုဏပူဇော်ပွဲနှင့် ၀ိဇာတမင်္ဂလာ အခမ်းအနား ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး တက်ရောက်ကြည်ညို
ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြည်ခိုင်ဖြိုးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး သည် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးညွန့်လှိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေး မှူးနှင့် ကော်မတီဝင်များ လိုက်ပါလျက် ဟင်္သာတမြို့ လက်သမား ရပ်ကွက်ရှိ အတွင်းပတ္တမြား ပရိယတ္တိစာသင်တိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ အရိယာဝံသ ဆရာတော်ဘုရားကြီး၏ အဘိဓဇမဟာရဋ္ဌဂုရု ဂုဏ ပူဇော်ပွဲနှင့် သက်တော် (၉၀)ပြည့် ၀ိဇာတမင်္ဂလာ အခမ်းအနားကို မေလ (၂၁) ရက်နေ့ မွန်းလွဲ (၁) နာရီတွင် တက်ရောက် ကြည်ညိုခဲ့ကြသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ကာ တေးသံ ရှင် ဒေါ်ရီရီသန့်က ထူးမခြားနား သီးချင်းခန့်ဖြင့် ဘုရားပင့်ပူဇော်သည်။ ထို့နောက် ညောင်တုန်းမြို့ ပုဏ္ဏမာရာမဈေး ကျောင်းတိုက် အဘိဓဇ မဟာရဋ္ဌ ဂုရု ဘဒ္ဒန္တသြသဓာဘိဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ဟင်္သာတ မြို့ မိုးကောင်းကျောင်းတိုက် ဦးစီးပဓာ နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ တိပဋက သြ၀ါဒါစရိယ ဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသက ထုတိမင်္ဂလာသြ၀ါဒ ကထာဖြင့် မြွက်ကြားဂုဏ်ပြု ခဲ့ကြောင်း သိရသည်။
ထို့နောက် မဟာသဒ္ဓမ္မဇောတိကဓဇ ဦးမင်းကြည် (ဓမ္မာစရိယ B.A) ရေးသား ပူဇော်သည် "ဆန္ဒတူညီ ကောင်းမှုတည်" မင်္ဂလာရတုပိုဒ်စုံကို ဒေါ်နှင်း ရည်သန့် ကလည်းကောင်း၊ အဘိဓဇ မဟာရဋ္ဌဂုရု ဂုဏ၀ိသိဋ္ဌပူဇာသဘင် ဇာတိခွင် မှတ်တမ်းတင်လေးချိုးကို ဒေါ်ရီရီသန့်က လည်းကောင်း၊ ဆရာတော်ကြီး ထေရုပ္ပတ္တိကို ဦးရန်ပိုင်စိုးက လည်းကောင်း သီဆိုဖတ်ကြား ပူဇော်ခဲ့ကြသည်။
ထို့နောက် ဦးဌေးဦးက သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင် ဆရာတော်ကြီး၏ ၀ိနည်းတော်နှင့်အညီ အလိုလောဘနည်းပုံများ၊ သာသနာပြုရာတွင် သာသနာ့တံခွန် အောင်လံ သဖွယ် ဦးဆောင်နိုင်ပုံများကို ထည့်သွင်းလျှောက်ထားသည်။
ဆက်လက်၍ တပည့်ဒါယကာအပေါင်းက ဆရာတော်ကြီးအား စုပေါင်းရှိခိုး ပူဇော်ကန်တော့ကြပြီး ဆရာတော်ကြီးက သြ၀ါဒ ကထာချီးမြှင့်ကာ ညောင် တုန်းမြို့ ပုဏ္ဏမာရာမဈေးကျောင်းတိုက် ဆရာတော်ကြီးက ရေစက်ချတရား ချီးမြှင့်ခဲ့ကြောင်း သိရသည်။

No comments:
Post a Comment