Friday, April 11, 2014



Baby Spice တုပပြီးအနုပညာအမည်မှည့်ခေါ်ဖြစ်ခဲ့သည့် အမ်မာစတုန်း

 

Spice Girls အဖွဲ့ကို အသည်းအသန် အားပေးခဲ့သည့် ပရိသတ် တစ်ဦး အနေဖြင့် Spice Girls အဖွဲ့ဝင် များ၏ လက်မှတ်တုများကိုပင် ကျွမ်းကျွမ်းကျင်ကျင် ထိုးတတ်ကြောင်း အမ်မာစတုန်းက ဖွင့်ဟ ပြော ကြားခဲ့သည်။ The Amazing Spiderman စတား ဇာတ်ဆောင်မင်းသမီးက သူမ၏ ငယ်ဘဝတွင် Spice Girls အဖွဲ့က အကြီးအကျယ် လွှမ်းမိုးထားခဲ့ကြောင်း ဝန်ခံခဲ့သည်။ အမ်မာသည် (၁၉၉၀) ပြည့်လွန် နှစ်များ က အထူးတလည် အောင်မြင်ခဲ့သည့် Spice Girls တို့ကို အားပေးခဲ့ပြီး အဓိကအားဖြင့် Baby Spice ဟု အမည်တွင်သည့် အမ်မာဘန်တန်၏ အမာခံ ပရိသတ် ဖြစ်ခဲ့သည်။ အမ်မာ၏ အနုပညာအမည် သည်ပင်လျှင် Baby Spice ကို အစွဲပြု မှည့်ခေါ်ထားခြင်း ဖြစ်သည်။
သူမ၏ အမည်ရင်းမှာ အီမလီဂျင်းစတုန်း ဖြစ်သော်လည်း အနုပညာသည်များ အသင်းတွင် အီမလီစတုန်းဟု မှတ်ပုံတင်ထားသူတစ်ဦး ရှိနှင့်နေသဖြင့် အမ်မာစတုန်းဟူသော အမည်ကို ရွေးချယ်ဖြစ်ခဲ့ခြင်းဟုလည်း သိရသည်။ အမ်မာက “ကျွန်မအသက် (၁၀) နှစ်လောက် ကတည်းက Spice Girls အဖွဲ့ရဲ့ လက်မှတ်တွေကို တုပပြီး ထိုးတတ်နေပြီ။ ကျွန်မမှာ သူတို့ရဲ့ အော်တိုဂရပ်ဖ်တွေရော၊ တခြား အမှတ်တရ လက်ဆောင်ပစ္စည်းတွေပါ အများကြီး ရှိခဲ့တယ်။ သူတို့ လက်မှတ်တွေကို ထိုးလိုက်တဲ့အခါတိုင်း ကိုယ့်ကိုယ်ကိုယ် Spice Girls အဖွဲ့ဝင် တစ်ယောက်က အော်တိုရေးပေးသလို ခံစားသွားရတတ်ပါတယ်။ ဒါပေမဲ့လည်း တကယ်တမ်းကျတော့ ကမ္ဘာပေါ်မှာ သူတို့လက်မှတ်တွေ ပျံ့နှံ့နေတာ အများကြီးပါပဲ” ဟု ပြောကြားခဲ့သည်။

အမ်မာက Baby Spice အပေါ် ရူးသွပ်မှုနှင့် ပတ်သက်ပြီးလည်း “ကျွန်မ Second Grade ကျောင်းသူ ဘဝ ကပေါ့။ ပထမဆုံး အတန်းထဲ ရောက်လာသွားတဲ့နေ့မှာ ဆရာမကို ပြောခဲ့ပါတယ်။ ကျွန်မနာမည်ကို အမ်မာ လို့ပဲ ခေါ်ဖို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက Baby Spice အဖြစ် အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် စိတ်ကူးယဉ်နေမိတာလေ။ အဲဒီတုန်းက ကလေးတစ်ယောက်ရဲ့ စိတ်ထဲရှိတဲ့အတိုင်း တောင်းဆိုမိခဲ့ရုံပါ။ ဒါပေမဲ့ နောက်တစ်နှစ်လောက် ကြာတဲ့အချိန်မှာ လူတိုင်းလိုလို ကျွန်မကို အမ်မာလို့ ခေါ်နေကြပါပြီ။ ခုတော့ ကျွန်မဟာ တစ်ဘဝလုံးစာ Baby Spice ရဲ့ နာမည်နဲ့ ဖြစ်နေပြီပေါ့” ဟုလည်း ရယ်ရယ်မောမော မှတ်ချက်ပြုသွားသည်။

No comments:

Post a Comment

back to top