Tuesday, April 29, 2014

ဆံပင်အရောင်ဆန်းတွေ မဆိုးခင် သိထားသင့်တဲ့ အချက်များ

ဆံပင်အရောင်ဆိုးရတာနှစ်ခြိုက်တဲ့ မိန်းမပျိုတော်တော်များများဟာ ခု ဆံပင်ကာလာအဆန်းတွေ ဆိုးနေကြ တာ သတိပြုမိမှာပါ။ အစိမ်းရောင်၊ အပြာရောင်၊ ခရမ်းရောင်၊ ပန်းရောင်စတဲ့ အရောင်တွေကို တစ်ခေါင်းလုံး ဆိုးကြတာဟာ ခုလတ်တလော ခေတ်စားနေတယ် ဆိုပေမယ့် ကမ္ဘာကျော် အနုပညာ ရှင်တွေရဲ့ ဆံပင်ကာလာလို ကိုယ်တွေဆိုးလိုက်ရင် လိုက်ပါ့မလား၊ အဲ့ဒီအရောင် အတိုင်းရော ထွက်ပါ့ မလား ဆိုတာ ဆံပင်မဆိုးခင် ကြိုတင် တွေးထားရမယ့် အပိုင်းဖြစ်သလို ဆံပင်မဆိုးခင်မှာပဲ တခြား သိထားရမယ့် အချက်တွေရှိနေပါသေးတယ်။ အဲ့ဒါတွေကတော့

၁။ ပထမဦးဆုံး ယာယီဆိုးလို့ရတဲ့ ကာလာနဲ့ စမ်းကြည့်ပါ။
ကိုယ်ရွေးချယ်လိုက်တဲ့ ဆံပင်ကာလာနဲ့ ကိုယ်နဲ့လိုက်မလိုက်ဆိုတာကို ဆံပင်အတည်မဆိုးခင် ယာယီဆိုး လို့ရတဲ့ hair chalk လို အရောင်တင်မြေဖြူခဲလေးတွေနဲ့ အရင်စမ်းကြည့်လိုက်ပါ။ ဒါမှ ခုကိုယ်ဆိုးမယ့် ကာလာက ကိုယ့်မျက်နှာ၊ အသားအရေနဲ့ လိုက်ဖက်မှုရှိမလား၊ မရှိဘူးလား ဆိုတာ သိနိုင်မှာပါ။
၂။ဖြစ်နိုင်ရင် ကိုယ့်ဘာသာကိုယ် မဆိုးပါနဲ့။
ဆိုးနေကျ အရောင်မျိုးမဟုတ်ပဲ ကာလာအဆန်းကြီးဆိုးမယ်လို့ စဉ်းစားလိုက်ပြီဆိုတာနဲ့ ဆံပင်ညှပ်ဆိုင် သွားပြီး ပရော်ဖက်ရှင်နယ် ဆံပင်ညှပ်ဆရာတွေနဲ့ တိုင်ပင်ကြည့်ပါ။ သူတို့တွေက ဘယ်လိုအရောင်မျိုးဆို လိုက်မယ်၊ မလိုက်ဘူး စတာတွေအပြင် ဘယ်အရောင်က ဘယ်လောက်ထိခံတယ်ဆိုတာမျိုးပါ အကြံပေးနိုင် တာကြောင့်ပါ။

၃။ကိုယ်ရွေးချယ်တဲ့ကာလာဟာ သူများနဲ့ လိုက်ပေမယ့် ကိုယ်နဲ့လိုက်ချင်မှ လိုက်မှာပါ။
ကိုယ်ကြိုက်တဲ့ အဆိုတော်က ဒီကာလာဆိုးထားလို့ မဖြစ်မနေလိုက်ဆိုးတာမျိုးတွေ၊ ဒီကာလာက အခုခေတ်စားနေလို့ ဆိုးကိုဆိုးရမှ ဖြစ်မယ်ဆိုတာမျိုးတွေက ကိုယ့်အတွက် ဆိုးရွားတဲ့အခြေ အနေတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ဒီကာလာမှ ဒီကာလာဖြစ်နေရင်လည်း တစ်ခေါင်းလုံး ဆိုးတာ မျိုးထက် highlight ဖောက်တာမျိုးလောက်ပဲ လုပ်ဖို့အကြံပေးချင်ပါတယ်။

၎။ ဆိုးလိုက်တဲ့ ကာလာက ဘယ်လောက်ကြာကြာခံမလဲဆိုတာ အရင်လေ့လာပါ။
အစိမ်း၊ အနီ၊ အပြာ၊ ခရမ်းစတဲ့ ကာလာဆန်းတွေဟာ ခေါင်းလျှော်တိုင်း အရောင်ကျသွားတတ်တာမို့ ဆိုးမယ် ဆိုရင်လည်း ဆိုးဆိုးချင်းကာလာက ခေါင်းဘယ်နှစ်ခါ လျှော်ပြီးရင် ဘယ်လောက်ပဲ ကျန်တယ် ဆိုတာ သိထားရပါလိမ့်မယ်။ ပုံမှန်အားဖြင့် ခရမ်းရောင်က အရောင်ကျပေမယ့် တခြားအရောင် ကို ပြောင်းသွားတာမျိုး မရှိတတ်ပါဘူး။ အနီနဲ့ အပြာကတော့ အချိန်ကြာလာတာနဲ့အမျှ မှိန်မှိန်လာတတ်တဲ့ ကာလာတွေပါ။ အနီတောက်တောက်တွေကတော့ လိမ္မော်ရောင်နဲ့ ပန်းရောင်ကို ပြောင်းသွားတတ်ပါတယ်။ အပြာကလည်း အစိမ်းကို ပြောင်းလေ့ပြောင်းထရှိတာမို့ ဆံပင်ညှပ်ဆိုင်က တတ်သိနားလည်သူကို အရင်မေးမြန်းပြီးမှ ဆိုးတာ အကောင်းဆုံးပါပဲ။

၅။ဆေးဆိုးဆံပင်တွေအတွက် သီးသန့်ထုတ်ထားတဲ့ ရှန်ပူကိုသုံးပါ။
ကိုယ့်ရဲ့ဆံပင်လေး တာရှည်ခံပြီး အရောင်မကျဖို့ ဆေးဆိုးဆံပင်တွေအတွက် သီးသန့်ထုတ်ထားတဲ့ ရှန်ပူတွေရှိပါတယ်။ conditioner ပါ တွဲသုံးပေးသွားမယ်ဆိုရင် ကာလာကျတာမျိုးဖြစ် ရင်တောင် မြန်မြန် ဆန်ဆန် အရောင်ပြောင်းတာမျိုးတွေ မဖြစ်တော့ဘူးပေါ့။

 Credit : Myawady News

No comments:

Post a Comment

back to top