အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် ကယားပြည်နယ် အတွင်းရှိ လူမှုရေး လုပ်ငန်းများအား လှူဒါန်းသည့် အခမ်းအနား တက်ရောက်
အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်သည် ဧပြီလ (၂၇) ရက် နံနက် (၉)အချိန်တွင် လွိုင်ကော်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် အမျိုးသား လွှတ်တော် ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များကူညီ စောင့်ရှောက်မှုကော် မတီ ကယားပြည်နယ်သို့ အလှူငွေနှင့် ပစ္စည်းများ ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။
အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည် တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဥက္ကဌ ဦးသိန်းဇော်၊ အမျိုးသား လွှတ်တော် ကယ်ဆယ်ရေးနှင့် ဒုက္ခသည် များ ကူညီစောင့်ရှောက်မှု ကော် မတီ ဥက္ကဌ ဒေါက်တာခင်ရွှေ၊ ကယားပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦး၊ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် (ကယားပြည်နယ် တာဝန်ခံ) ဦးလှသိန်းဆွေ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ဖွံ့ဖြိုးရေး ကော်မတီ ၀င်များ၊ မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးအဖွဲ့များ၊ ဘာသာရေးအသင်း အဖွဲ့များ၊ ဗုဒ္ဓရဟန်းတော်များနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ အပါအ၀င် အင်အား (၃၀၀)ဦး တက်ရောက်ကြသည်။
ရှေးဦးစွာ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က ကယားပြည်နယ် လွှတ်တော် ကိုယ် စားလှယ်များ၏ တောင်းဆိုတင်ပြချက်အရ မေတ္တာဖြင့် အရင်းခံသော ဤခရီးစဉ်ကို လာရောက် ရခြင်း ဖြစ်ပါကြောင်း၊ မိမိတို့၏ လွှတ်တော်သည် ပြည်သူကိုဗဟိုပြုသောကြောင့် ပြည်သူ၏ အကျိုး ကို ဖော်ဆောင်ဆောင်ရွက်နေပါကြောင်း၊ မိမိတို့ လွှတ်တော် (၂)ရပ်သည် လည်း တစ်ခုနှင့် တစ်ခုချိတ်ဆက်ကာ အပြန်အလှန် ထိန်းကြောင်းလျက်ရှိ ပါကြောင်း၊ ယခုအခါ လွှတ်တော် ရန်ပုံငွေများဖြင့် လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေး၊ ရေရရှိရေးကို ဆောင်ရွက်ပေးလျက်ရှိနေပါကြောင်း၊ ၄င်းအပြင် မိမိတို့ အမျိုးသားလွှတ်တော်သည် ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းကာ သဘာဝဘေး အန္တရာယ်၊ လက်နက်ကိုင် ပဋိပက္ခ၊ ဆင်းရဲမွဲတေမှု များကြောင့် ဖြစ်ပေါ် လာသော အခြေအနေ အချိန်အခါလိုက်၍ ကူညီ ထောက်ပံ့ လှူဒါန်းလျက် ရှိပါကြောင်းနှင့် ကယားပြည်နယ်သူ/သားများအားလုံး ကျန်းမာချမ်းသာ ကြပါစေဟု ဆုတောင်းမေတ္တာ ပို့သအပ်ပါကြောင်းဖြင့် အမှာစကားပြော ကြားသည်။
ဆက်လက်၍ အဖွဲ့ဝင်အဖြစ်လိုက်ပါလာသော ပြည်သူ့လွှတ်တော် တိုင်းရင်း သားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီဥက္ကဌမှ ယခင်က လက်နက်ကိုင် ပဋိပက္ခများ ကြောင့် ဒေသဖွံ့ဖြိုးမှုနောက်ကျခဲ့သော ကယားပြည်နယ်သည် ယနေ့ ဖွံ့ဖြိုးစည်ပင်လျက်ရှိနေသည်ကို ၀မ်းမြောက် စွာတွေ့မြင်နေရပါကြောင်း၊ မိမိတို့ကော်မတီသည် အထူးသဖြင့် တိုင်းရင်း သား စည်းလုံးရေးကို ဦးစားပေးဆောင်ရွက်နေပါကြောင်း၊ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေးကို ဆောင်ရွက်ရာတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော် ပူးပေါင်းလျက်ရှိပါကြောင်း၊ ယနေ့ တိုင်းရင်းသား လက်နက်ကိုင် (၁၆)ဖွဲ့ အနက် (၁၁)ဖွဲ့နှင့် ပြည်ထောင်စုအဆင့်၊ (၃)ဖွဲ့နှင့် ပြည်နယ်/တိုင်းဒေသကြီး အဆင့် လက်မှတ်ရေးထိုးနိုင်ခဲ့ကာ ကျန်(၂)ဖွဲ့နှင့် ဆက်လက်ညှိနှိုင်း ဆောင် ရွက်နေပါကြောင်း၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပစ်ခတ်တိုက်ခိုက်မှု လျော့ချရေး ကို ပထမ အဆင့်အနေဖြင့်လည်းကောင်း၊ ရရှိပြီးသော ငြိမ်းချမ်းရေးဖြစ်စဉ်ကို ခိုင်မာသော စည်းမျဉ်း စည်းကမ်းများဖြင့် နိုင်ငံတော်အဆင့် လက်မှတ် ထိုးနိုင်ရေးကို ဒုတိယအဆင့်အနေဖြင့် ကြိုးပမ်း ဆောင်ရွက်နေပါကြောင်း၊ ဤဖြစ်စဉ်ကို စဉ်တိုက်ဆက်တိုက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားပြည်သူအားလုံး တစ်စိတ်တစ်ဝမ်းတည်းဖြင့် ၀ိုင်းဝန်း ကူညီ ကြစေလိုကြောင်း ပြော ကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားပြီး အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များ ကူညီစောင့်ရှောက်မှုကော်မတီ ဥက္ကဌ ဒေါက်တာခင်ရွှေက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ၍ လွှတ်တော်ဥက္ကဋ္ဌက အလှူငွေ ကျပ်သိန်း (၉၀၀)ကိုပေးအပ်ရာ မြို့မိမြို့ဖ ဦးတင်လှမှ လက်ခံပါသည်။
ဆက်လက်၍ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဥက္ကဌ ဦးသိန်းဇော်၊ ကယ်ဆယ်ရေး နှင့် ဒုက္ခသည်များကူညီ စောင့်ရှောက်မှုကော် မတီ ဥက္ကဌ ဒေါက်တာခင်ရွှေ၊ ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်အမှုဆောင် (ကယားပြည်နယ်တာဝန်ခံ) ဦးလှသိန်းဆွေ တို့က အ၀တ်အထည်နှင့် စာအုပ်၊ ဆန်အိတ်များကို ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူတို့က လက်ခံ ရယူကြပြီး မြို့မိမြို့ဖ ဦးစိုင်းခမ်းဝင်းက ကျေးဇူးတင်စကား ပြောကြားပြီးသည်
အခမ်းအနား (၁၀း၃၀) အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။ အခမ်းအနားအပြီးတွင် အမျိုးသား လွှတ်တော်ဥက္ကဌနှင့် အဖွဲ့သည် သာသနာ့ ဗိမာန်တော်ကြီး၌ ဆေးဝါးကုသနေမှုကို လှည့်လည် ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။
အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်သည် ဧပြီ (၂၆) ရက် ညနေ (၃) နာရီအချိန်၊ လွိုင်ကော်မြို့ ချိကယ်ကျေးရွာအုပ်စု၊ ထေးသမရွာရှိ ကေ့ထျိုးဘိုး (ခ) တံခွန်တိုင်ဗိမာန်အတွက် အလှူငွေ သိန်း (၁၀၀) ပေးအပ်လှူဒါန်းသော အခမ်းအနားသို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment