Monday, April 7, 2014


နည်းပြ ခရစ်္စဟူတန်ကို ထုတ်ပယ်ပြီး လူငယ် အသင်း နည်းပြကို နောဝစ်ခ်ျအသင်း ခန့်အပ်

 
April 7, 2014
နောဝစ်ခ်ျ အသင်းသည် အသင်းနည်းပြ ခရစ္စဟူတန်ကို ထုတ်ပယ်ခဲ့ပြီး လူငယ်အသင်း နည်းပြ နေးလ်အဒမ်စ်ကို အသင်းနည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။ နည်းပြ ခရစ္စဟူတန် အပြင် လက်ထောက်နည်းပြများ ဖြစ်ကြသော ကောလင်းကယ်ဒါဝုဒ်နှင့် ပေါလ်ထရိုလိုပီတို့ပါ အသင်းမှ ထုတ်ပယ်ခံရခြင်း ဖြစ်သည်။ နောဝစ်ခ်ျအသင်းသည် ပြီးခဲ့သော စနေနေ့ ပွဲစဉ်တွင် ၀က်စ်ဘရွန်း အသင်းကို အိမ်ကွင်းတွင် တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် လက်ကျန် ပွဲစဉ်ငါးပွဲသာ ကျန်ရှိတော့ချိန်တွင် ပရီးမီးယားလိဂ် တန်းဆင်းဇုန်အထက် အဆင့် ၁၇နေရာတွင် ငါးမှတ်အသာဖြင့် ရပ်တည်လျက်ရှိသည်။ နောဝစ်ခ်ျ အသင်းသည် လက်ကျန် ပွဲစဉ်များတွင် ဖူလ်ဟမ်၊ လီဗာပူး၊ မန်ချက်စတာယူနိုက်တက်၊ ချယ်လ်ဆီး၊ အာဆင်နယ် အသင်းတို့နှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။ “ ခရစ္စဟူတန်၊ ကောလင်းကယ်ဒါဝုဒ်နှင့် ပေါလ်ထရိုလိုပီတို့ကို အသင်းနှင့် ယခုချိန်မှစ၍ လမ်းခွဲခဲ့ပြီး နောဝစ်ခ်ျအသင်း ကစားသမားဟောင်း ဖြစ်ခဲ့ပြီး အက်ဖ်အေလူငယ် အသင်းဆုရ နည်းပြ နေးလ်အဒမ်စ်ကို နည်းပြအဖြစ် ခန့်အပ်လိုက်သည်။ အသင်းသည် ပရီးမီးယားလိဂ်တွင် ဆက်လက် ရှင်သန်နိုင်စေဖို့ အတွက် အခွင့်အရေး အများဆုံး ရယူနိုင်စေရန် နောဝစ်ခ်ျအသင်း ဘုတ်အဖွဲ့သည် ယင်းဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ရခြင်း ဖြစ်သည် ” ဟု နောဝစ်ခ်ျအသင်း၏ ၀က်ဘ်ဆိုက်ရှိ ကြေညာချက်တွင် ပါရှိခဲ့သည်။

No comments:

Post a Comment

back to top