ခုနစ်နှစ်ကြာမှ သင်္ကြန်ပြန်ကျရမှာ ဖြစ်လို့ရင်ခုန်မိတယ် ဆိုတဲ့ မိုးစက်ဝိုင်
ပြည်ပမှာ ပညာသင်ယူပြီး အလုပ်ထဲမှာသာ အချိန်ကုန်ခဲ့ရတဲ့ မိုးစက်ဝိုင်က ဒီနှစ် သင်္ကြန်ဟာ သူ့အတွက် ခုနစ်နှစ် ကြာပြီးမှ ပြန်ကျရတဲ့ သင်္ကြန်ဖြစ်တဲ့ အတွက် ရင်ခုန်မိပါတယ်လို့
ဆိုပါတယ်။
''ဒီနှစ်ကျမယ့် သင်္ကြန်က ညီမအတွက် ရင်ခုန်မိတဲ့ သင်္ကြန်ပါ။ အရင်နှစ်တွေက နိုင်ငံခြားမှာ ပညာ သင်နေတာရယ်၊ အလုပ် လုပ်နေတာ ရယ်ကြောင့် မြန်မာသင်္ကြန်ကို မကျဖြစ်ခဲ့ရတာပါ။ ငယ်ငယ်တုန်းက သင်္ကြန် ရောက်ခါနီးပြီ ဆိုရင် ရင်ခုန်တယ်။ သင်္ကြန် ပြီးသွားရင်လည်း စိတ်မကောင်း ဖြစ်တယ်။
အခု ဒီနှစ် သင်္ကြန်ကိုလည်း ရင်ခုန် မိပါတယ်။ ငယ်ငယ်တုန်းကနဲ့ အခုသင်္ကြန်မှာ ကွာခြားချက်ကတော့ ငယ်ငယ်တုန်းကတော့ ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ် ကဲလို့ရတယ်။ အခုကျတော့ ညီမကို ပရိသတ်တွေက သိနေပြီဆိုတော့ ပိုပြီးတော့ ဆင်ခြင်ရမယ်။

ပရိသတ်တွေ အနေနဲ့ ကိုယ့်ကို ကြည့်ပြီးတော့ အတုယူစရာ ဖြစ်အောင် နေရမှာပေါ့''
လို့ ပြောပြတယ်။ သင်္ကြန်မှာ အတူကဲကြမယ့် ပရိသတ်ကြီး အတွက်ကိုလည်း
''လူငယ်တွေ ဆိုတာက သင်္ကြန် ရောက်ရင် ပျော်ချင်ပါးချင် ကြတာက သဘာဝပဲလေ။
ဒါကြောင့် သင်္ကြန်မှာ ပရိသတ်အားလုံး ဘေးအန္တရာယ် ကင်းကင်းနဲ့ ပျော်ရွှင် နိုင်ကြပါစေလို့ ဆုတောင်း ပေးပါတယ်။ ပြီးတော့ နေကလည်း အရမ်းပူတဲ့ အတွက် အသားအရေကို ဂရုစိုက်ကြဖို့လည်း ပြောချင်ပါတယ်'' သင်္ကြန်အတွင်း မိုးစက်ဝိုင်ဟာ အယ်လ်ပိုင်း သင်္ကြန် မဏ္ဍပ်တွင် ရှိနေမှာ ဖြစ်ပြီး သူရဲ့ လတ်တလော အနုပညာ လှုပ်ရှားမှု အနေနဲ့ ထိုင်း-မြန်မာ ချစ်ကြည်ရေး ရုပ်ရှင်ပွဲတော်မှာ တင်ဆက်သူအဖြစ် ပါဝင်ပေးပြီး မြန်မာ့အနုပညာ ယဉ်ကျေးမှု အမွေအနှစ်ကို ပြသမယ့် Amazing City Documentary အစီအစဉ်မှာလည်း ပါဝင် ရိုက်ကူးသွားမှာ ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

No comments:
Post a Comment