မန္တလေးတွင် စည်းကမ်းမဲ့ပြိုင်ကား
မောင်းနှင်သူများကို စီမံ ချက်ဖြင့် ပြင်း ထန် စွာ အရေးယူမည်
မန္တလေးခရိုင်အတွင်း ညအချိန်မတော်
မူးယစ်သေစာ သောက်စားပြီး ပြိုင်ကား အပြိုင်အဆိုင် မောင်းနှင် သူများ ရှိလာသဖြင့်
အများပြည်သူ အန္တရာယ် ကင်းရှင်းစေရေးနှင့် စိတ်အနှောင့်အယှက် ကင်းစေရန်တို့ အတွက်
အဆိုပါ စည်းကမ်းမဲ့ ပြိုင်ကား မောင်းနှင်သူများကို မတ်လ တတိယပတ်မှ စတင်ကာ
စီမံ ချက်ဖြင့် ပြင်းထန်စွာ အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး
လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးကျော်ဆန်းက ပြောကြားသည်။
"ဘယ်သူ့သားသမီး ဖြစ်ဖြစ် ပြင်းပြင်းထန်ထန် အရေးယူမယ်။ တရားသူကြီးချုပ်နဲ့
ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီး မော်တော်ယာဉ်ထိန်း တပ်ဖွဲ့
တို့ကို ညွန်ကြားပြီးပြီ" ဟု ဝန်ကြီး ဦးကျော်ဆန်း က ဆိုသည်။ယင်းသို့ အရေးယူနိုင်ရန် အတွက် ယာဉ်ထိန်းတပ်ဖွဲ့များကို ညဆိုင်းများတိုး
တာဝန်ချပြီး မော်တော်ယာဉ် ဆိုင်ရာ ဥပဒေများ၊ ပြစ်မှုဆိုင်ရာ ဥပဒေများနှင့် အညီ
ဆောင်ရွက်ပြီး ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းသည် အထိ အရေးယူသွားမည် ဖြစ်ကြောင်း
ဝန်ကြီးက ထပ်လောင်း ပြောကြားသည်။
"အခုလို အပြစ်ရှိတဲ့လူကို လိုင်စင် သိမ်းတာကတော့ နိုင်ငံတကာမှာလည်း
လုပ်နေကြတာပါ။ လုပ်မယ် ဆိုရင် ကောင်းပါတယ်။ ဒါပေမဲ့ ပြိုင်ကားမောင်းတဲ့
လူအားလုံးကို လုပ်မယ်ဆိုရင်တော့ လက်မခံနိုင်ပါဘူး။ အများပြည်သူကို
အန္တရာယ်ဖြစ်စေပြီး အနှောင့်အယှက် ဖြစ်စေမယ်ဆိုရင်တော့ လုပ်သင့်ပါတယ်" ဟု
မန္တလေးမြို့ခံ အသက် ၂၀ အရွယ် ပြိုင်ကားအလှမောင်း ဝါသနာ ပါသူ လူငယ်တစ်ဦးက ဆိုသည်။
အဆိုပါ စည်းကမ်းမဲ့ ပြိုင်ကားမောင်းနှင်သူ အများစုသည် အသက် ၂၀ ဝန်းကျင်
လူငယ်အများစုဖြစ်ပြီး ညသန်းခေါင် ဝန်းကျင်တွင် မူးယစ်သေစာများ သောက်စားပြီး
အရှိန်လွန် မောင်းနှင်ကာ လမ်းလယ် ပလက်ဖောင်း များနှင့် ယင်းပလက်ဖောင်း များတွင်
စိုက်ပျိုးထားသော သစ်ပင်များကို ဝင်တိုက်ခြင်းများ မကြာခဏ ရှိလာကြောင်း၊ ယင်းမှာ
အများပြည်သူများ အန္တရာယ်ဖြစ် နိုင်သကဲ့သို့ နေ့စဉ်ပုံမှန် သွားလာနေ သည့်အများပြည်သူများ
စိတ်အနှောင့်အယှက် ဖြစ်နိုင်သဖြင့် အဆိုပါယာဉ်များကို ပြင်းပြင်း ထန်ထန် အရေးယူ
ဆောင်ရွက်ရန် အတွက် မန္တလေးတိုင်းဒေသကြီး တရားသူကြီးချုပ်၊ ကုန်းလမ်းပို့ဆောင်ရေး
ညွှန်ကြားရေးမှူး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး တို့နှင့် ပူးပေါင်းပြီး စီမံချက်ဖြင့်
စတင်ဖမ်းဆီး အရေးယူဆောင် ရွက်မည် ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သူများ ရှိပါက
သက်သေများကို စစ်ဆေးမနေတော့ဘဲ အခင်းဖြစ်ပွား သောနေရာတွင် ရောက်ရှိနေသော ယာဉ်
ထိန်းတပ်ဖွဲ့ တာဝန်ရှိသူက တင်ပြသော အခင်းဖြစ်ပွားရာ နေရာ၏ ဓာတ်ပုံတို့ဖြင့်
သက်ဆိုင်ရာ တရားရုံးတွင် အမြန်ဆုံး စီရင်ချက်ချပြီး ထိုက်သင့်သည့် ပြစ်ဒဏ်များကို
ကျခံစေမည် ဖြစ်ကြောင်း ၄င်းကရှင်းပြသည်။
"အဲ့ဒီညက ပြိုင်ကားမောင်းတဲ့ ကလေးနဲ့ ဆိုင်ကယ်သမားတွေက ပြဿနာ တက်လာပုံရတယ်။
နောက်က ဆိုင်ကယ်က အရမ်းလိုက်တော့ ပြိုင်ကားကလည်း အရမ်းမောင်းလာတာ ၂၆ လမ်း ၆၈ လမ်း
၆၉ လမ်းမှာ ပြိုင်ကားက ကျုံးဘက်ကို ကွေ့လိုက်တာ လမ်းလယ် ပလက်ဖောင်းကို
ဝင်တိုက်လိုက်တာ။ မောင်းလာပုံ ကလည်း အန္တရာယ် အရမ်းများတယ်။ ည ၇ နာရီ ဆိုတာ
ကျုံးဘေးမှာ လူသွားလူလာက ရှိနေသေးတယ်။ အခုလို စီမံချက်ချပြီး
နှိမ်နင်းလိုက်ရင်တော့ အားလုံး အတွက် ဘေးကင်းတာပေါ့ဗျာ" ဟု မတ်လ ၁၀ ရက်နေ့ညက
၂၆ လမ်း ၆၈ လမ်း ၆၉ လမ်းတွင်ဖြစ်ပွားခဲ့သည့် ပြိုင်ကားမှောက်မှုတွင် သတင်းယူခဲ့သူ
မန္တလေးမြို့ခံ သတင်းထောက် ကိုခိုင်မြဲက ဆိုသည်။
မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလ အထိ နှစ်လအတွင်း
ယာဉ်တိုက်မှုမျိုးစုံ ၆၁ မှုဖြစ်ပွားခဲ့ပြီး ပြိုင်ကားပါသော ယာဉ်တိုက်မှု အကြိမ် ၂၀
ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး
ဝန်ကြီးရုံး၏ စာရင်းဇယားများ အရ သိရှိရသည်။
The Voice Weekly
No comments:
Post a Comment