Monday, March 31, 2014

ရန်ကုန်မြို့ရှိ သင်္ကြန်မဏ္ဍပ်များ သတ်မှတ်အရွယ် အစားထက် ပိုမိုချဲ့ထွင် ဆောက်လုပ်ပါက ဒဏ်ကြေး ပေးဆောင်ရမည်
ရန်ကုန်မြို့၌ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့် ပါမစ်ရရှိသူများ အနေဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သတ်မှတ်ခွင့်ပြု ပေးထားသည့် ပုံစံအတိုင်း လိုင်စင်ရ အင်ဂျင်နီယာ၏ ကြီးကြပ်မှုဖြင့် ဆောက်လုပ်ရမည်ဖြစ်ပြီး သတ်မှတ်အရွယ် အစားထက် ပိုမိုချဲ့ထွင် ဆောက်လုပ်ပါက ဒဏ်ကြေးငွေ ပေးဆောင်ရ မည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ သင်္ကြန်မဏ္ဍပ်နေရာ ချထားပေးရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။
အဆိုပါ သင်္ကြန်မဏ္ဍပ်များကို သင်္ကြန် မတိုင်မီ ငါးရက်အလိုတွင် အပြီးသတ်တည် ဆောက်ရမည် ဖြစ်ပြီး တည်ဆောက်ရာတွင်လည်း သင်္ကြန်မဏ္ဍပ် နေရာချ ထားပေးရေး ကော်မတီမှ ထုတ်ပြန်သော စည်းကမ်းချက်များကို လိုက်နာရမည်ဖြစ်သည်။
ထို့အပြင်  ဆောက်လုပ်ခွင့် ပါမစ်များကို တခြားသူထံသို့ ငှားရမ်းခြင်းနှင့် လွှဲပြောင်းရောင်းချခြင်းများ လုပ်ဆောင်ပါကလည်း ဒဏ်ကြေး ငွေကျပ် သိန်း ၅ဝ အထိ ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။ ယင်းဆောက်လုပ်ခွင့် ပါမစ်ကို လျှောက်ထားသူကိုယ်တိုင် အသုံးပြုရမည် ဖြစ်ပြီး လိုက်နာမှုမရှိပါက ပါမစ်ရရှိသူပေးသွင်း ထားသည့် မဏ္ဍပ်အတွက် အာမခံစပေါ် ငွေများထဲမှ ပေ ၁ဝဝ နှင့်အထက် မဏ္ဍပ်အကြီးများအတွက် ငွေကျပ်သိန်း ၅ဝ နှင့် ပေ ၅ဝ မှ ၁ဝဝ အကြား မဏ္ဍပ်အလတ်များအတွက် ဒဏ်ကြေးအဖြစ် ငွေကျပ် သိန်း ၃ဝ ပေး ဆောင် ရမည် ဖြစ်သည်။  ပြီးခဲ့သည့်နှစ်များက တားမြစ်စည်းကမ်း ဖောက်ဖျက်ပါက ဒဏ်ကြေးငွေများ ထည့်သွင်းခြင်း မရှိဘဲ နှစ်ဦး နှစ်ဖက်အရေးယူမည်ဟုသာ သတ်မှတ် ခဲ့သော်လည်း  ယခုနှစ်မှစတင် အရေးယူခြင်း ဖြစ်သည်။ ယခင်နှစ်များက သင်္ကြန်မဏ္ဍပ် ပါမစ်များ လက်လွှဲ ရောင်းချမှုများ ရှိခဲ့ကြောင်း သိရသည်။ ယခုနှစ်တွင် ရန်ကုန်တစ်မြို့လုံး၌ သင်္ကြန်မဏ္ဍပ် အကြီးအသေး စုစုပေါင်း ၁ဝဝ နီးပါး ခွင့်ပြုမည်ဖြစ်ပြီး မဏ္ဍပ်ဆောက်လုပ်ခွင့် အာမခံစပေါ်ငွေအဖြစ် ပေ ၁ဝဝ နှင့်အထက် မဏ္ဍပ်အကြီးများအတွက် ငွေကျပ် ၇၅ သိန်း နှင့် ပေ ၅ဝ မှ ၁ဝဝ အကြား မဏ္ဍပ်အလတ် များအတွက် ငွေကျပ် ၄၅ သိန်း သတ်မှတ်ထားသည်။ ကန်တော်ကြီး ပတ်လမ်းတွင် မဏ္ဍပ် အကြီး ၁၆ ခု၊ ကမ္ဘာအေး စေတီလမ်းတွင် မဏ္ဍပ်အကြီး ၁ဝ ခုနှင့်  ပြည်လမ်းတွင် မဏ္ဍပ်အကြီး လေးခုဆောက်လုပ် ခွင့် ပြုထားကြောင်း သိရသည်။     

No comments:

Post a Comment

back to top