ချန်ပီယံဆု အတွက် ဖိအား တစ်စုံတစ်ရာ မရှိကြောင်း လီဗာပူး အသင်းနည်းပြ ပြောဆို
လီဗာပူး အသင်းနည်းပြ ဘရန်ဒန်ရော်ဂျာသည် ၎င်းတို့ အသင်းအနေဖြင့်
ယခုရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက်ကို ဖိအားများနှင့်
ရင်ဆိုင်နေရပြီဆိုသည့် စပါး အသင်းနည်းပြ တင်ရှားဝုဒ်၏ အဆိုကို
ပယ်ချလိုက်ကြောင်း သိရသည်။ လီဗာပူး အသင်းသည် တနင်္ဂနွေနေ့တွင် စပါးအသင်းနှင့်
အိမ်ကွင်း ပွဲစဉ်ကို ကစားရမည် ဖြစ်သည်။ လီဗာပူး အသင်းသည် နောက်ဆုံး
ကစားခဲ့သည့် အိမ်ကွင်း ပွဲစဉ်တွင် ဆန်းဒါးလန်း အသင်းကို ၂း၁ ဖြင့်
အနိုင်ရရှိခဲ့ပြီး စပါး အသင်းနည်းပြ တင်ရှားဝုဒ်က လီဗာပူး အသင်းမှာ ယခုရာသီ
ချန်ပီယံဆု အတွက်ကို ဖိအားများနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့သည်။
သို့သော် လီဗာပူးအသင်း နည်းပြ ဘရန်ဒန်ရော်ဂျာသည် စပါးအသင်း၏ ယခုရာသီတွင်
ပေါင် သန်း ၁၀၀ ကျော်သုံးပြီး ကစားသမားသစ်များကို ခေါ်ယူခဲ့သော်လည်း
အလုပ်မဖြစ်သလို နည်းပြ ဗီလာဘိုအာ့စ်ပါ ရာထူးမှ ထုတ်ပယ်ခဲ့ရပြီး ချန်ပီယံ
လမ်းကြောင်းပေါ်မှ စောစီးစွာ သွေဖယ်သွားရသည့် ဖြစ်ရပ်ကို ဦးတည်ပြီး ပြန်လည်
ချေပ ပြောဆိုခဲ့သည်။ လီဗာပူး အသင်းနည်းပြ ဘရန်ဒန်ရော်ဂျာသည် ၎င်းတို့
အသင်းအနေဖြင့် လွန်ခဲ့သည့် ရာသီက ပရီးမီးယားလိဂ်မှာ အဆင့် ၇ ရရှိသည်အထိ
အကောင်းဆုံး တိုးတက်ခဲ့ပြီး ယခုရာသီ လက်ကျန် အနေအထားကိုလည်း အတော်လေး
ကျေနပ်ကြောင်း၊ မိမိတို့ အသင်းအနေဖြင့် ယခုလို အနေအထားမျိုး အတွက်
မျှော်လင့်ထားခြင်းလည်း မရှိသောကြောင့် ချန်ပီယံဆု အတွက်ကို ဘာဖိအားမှ
မရှိကြောင်း ပြန်လည် ပြောကြားခဲ့သည်။
No comments:
Post a Comment