Tuesday, March 18, 2014

မန္တလေးတိုင်း ပြည်ခိုင်ဖြိုးပါတီ ရေရှည်ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့ အစည်းဖော်ဆောင်ရေး သင်တန်းဖွင့်


မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကြီးမှူး ၍ တိုင်းဒေသကြီး အတွင်းရှိ ခရိုင်၊ မြို့နယ်နှင့် ရပ်/ကျေး ပြည်ခိုင်ဖြိုးပါတီဝင် များအား ရေရှည် ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်း ဖော်ဆောင်ရေး သင်တန်း အမှတ်စဉ် (၁/၂၀၁၄) ဖွင့်ပွဲ အခမ်းအနားကို မတ်လ (၁၇)ရက်နေ့ နံနက် ၈ နာရီက တိုင်းပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တိုင်းနယ်မြေတာဝန်ခံ ဦးဇော်မြင့်ဖေ၊ တိုင်းအတွင်းရေးမှူး ဦးဝင်းမောင်၊ တိုင်းဒေသကြီး ၀န်ကြီးများ၊ တိုင်းပါတီကော်မတီဝင်များ၊ သင်တန်း နည်းပြဆရာများနှင့် သင်တန်းသား/သူများ စုစုပေါင်း အင်အား (၁၅၀)ခန့်တက်ရောက်ခဲ့ကြသည်။

"အခုလိုသင်တန်းမျိုးကို ပါတီဌာနချုပ်မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက အမာခံ ပါတီဝင် တွေကို ခေါ်ယူသင်တန်းပေးခဲ့ပြီး ဖြစ်ပါတယ်။ အဆင့်မြင့် ပါတီဝင်တွေရဲ့ Capacity Building လုပ်တဲ့နေရာမှာ အောင်မြင်မှုရတယ်လို့ သုံးသပ်ရရှိတဲ့အတွက် ဒီသင်တန်းတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အရောက် လေ့ကျင့်ပေးထားတဲ့ ပါတီကေဒါတွေကို တာဝန်ပေးပြီး တိုးချဲ့ ပေးနိုင်အောင် စီမံခဲ့တာပဲဖြစ်ပါတယ်" ဟု တိုင်းနယ်မြေတာဝန်ခံ ဦးဇော်မြင့်ဖေ က အမှာ စကားပြောကြားခဲ့သည်။

သင်တန်းအမှတ်စဉ်(၁/၂၀၁၄)ကို မတ်လ(၁၇)ရက်နေ့မှ (၂၈)အထိ နေ့စဉ် တနင်္လာနေ့မှ သောကြာနေ့တိုင်းတွင် ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသို့ မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ခရိုင်များမှ (၂)ဦးစီနှင့် မြို့နယ်များမှ(၃) ဦးစီ စုစုပေါင်း သင်တန်းသား/ သူ(၁၀၀) ဦး တက်ရောက် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် ခေါင်းဆောင်မှုဆိုင်ရာ၊ လူထုနှင့် သက်ဆိုင်သော နိုင်ငံရေး မူဝါဒဆိုင်ရာ၊ ဖွဲ့စည်းပုံဆိုင်ရာ၊ နည်းဗျူဟာဆိုင်ရာ၊ ဆွေးနွေးခြင်းဆိုင်ရာ၊ ဆက်ဆံရေးဆိုင်ရာ၊ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ အစရှိသည့် ဘာသာရပ်များ ကို သက်ဆိုင်ရာ ကျွမ်းကျင်နည်းပြဆရာများမှ သင်ကြား ပို့ချသွား မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top